အငြိမ်းစားကျောင်းအုပ်ကို ကတ်ကြေးဖြင့် ထိုးသတ်ထွက်ပြေးသူ၏ အလောင်းကို တောထဲ၌ ဆွဲကြိုးချသေဆုံးလျက်တွေ့

အငြိမ်းစားကျောင်းအုပ်ကို ကတ်ကြေးဖြင့် ထိုးသတ်ထွက်ပြေးသူ၏ အလောင်းကို တောထဲ၌ ဆွဲကြိုးချသေဆုံးလျက်တွေ့

အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးကို ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ထွက်ပြေး တိမ်းရှောင်နေသူ၏ ရုပ်အလောင်းကို တောနက်လျှိုအတွင်း ဆွဲကြိုးချသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ထောက်ရှာပင်အုပ်စု အုပ်ချုပ်ရေးမှူး ကိုဇင်မောင်မြင့်က ဇွန် ၂၆ ရက်က မြန်မာတိုင်းမ် သို့ ပြောသည်။ 

'' မေလဆန်းပိုင်းတုန်းက မင်းဘူး မင်းလှ လမ်းခွဲမှာ ကျောင်းအုပ်ဆရာကြီးကိုကတ်ကြေးနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ လှဦးရဲ့ အလောင်းကို ကျွဲသိုးမျှောင်ကျေးရွာ တောနက်လျှိုမြောင်ထဲကနေ တွေ့ တယ်။ ကျွဲသိုးမျှောင်ရွာသားက လျှော်ခုတ်သွားတဲ့ အချိန်မှာ အပေါ့သွားချင်လို့ အဲဘက်လျှိုထဲကို ဝင်သွားရာကနေ တွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ" ဟု ၄င်းကပြောသည်။ 
အခင်းဖြစ်ပွားစဉ်က လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် လှဦးက ကျောင်းအုပ်ဆရာကြီးကို ချွန်ထက်သည့် အရာဖြင့်ထိုးနေသည့် ဗီဒီယိုဖိုင်ပျံနှံ့ခဲ့ပြီး လူအများစိတ်ဝင်စားခဲ့ကြသည်။ " ဆရာကြီးက ချင်းလူမျိုးပါ။ ဆရာကြီးဦးဆောင်ပြီးတော့ ချင်းလူငယ် ၃၁ ယောက်က သရက်မြို့မှာ သင်တန်းသွားတက်ကြတယ်။ အဲဒီအချိန်မှာ လှဦးက ညပိုင်းတွေဆိုရင် မအိပ်ဘူး။ တစ်ယောက်တည်းစကားတွပြောနေတဲ့ အတွက်ကြောင့် သူ့ကျန်းမာရေးအရ သူ့ရဲ့သူငယ်ချင်းတွေက နေရပ်ကိုပြန်ပို့ဖို့ လုပ်နေတယ်။ ဆရာကြီးက စိတ်မချဘူးဆိုပြီး သူကိုယ်တိုင်လိုက်ပို့တယ်။ အခင်းဖြစ် တဲ့နေရာ ရောက်တော့ ကွမ်းစားမယ်ဆိုပြီး ကွမ်းဝယ်တယ်။ ကားပေါ်ပြန်တက်မယ်လုပ် တော့ လှဦးက မလိုက်ဘူးဆိုပြီး ငြင်းတယ်။ လာပါကွာလို့ပြောတုန်းရှိသေးတယ်။ ကွမ်းယာဆိုင်က ကွမ်းညှပ်တဲ့ ကတ်ကြေးကိုယူပြီးထိုးတယ်လို့အတူပါလာတဲ့ လူငယ်တွေက ပြောဆိုခဲ့တယ်" ဟု ထောက်ရှာပင် အုပ်စု အုပ်ချုပ်ရေးမှူးက အခင်းဖြစ်ပွားပြီးနောက် မေ ၃ ရက်တွင် ပြောခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် လှဦးမှာ ကွမ်းယာဆိုင် အနောက်ဘက် ကျွဲသိုးမျှောင်တော အတွင်းသို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောနင်းရှာဖွေခဲ့ သော်လည်း လျှိုအနီးရှိ တဲအတွင်း ညပိုင်းတွင်ခိုအောင်းနေခဲ့ပြီး လူသံများကြားသဖြင့် ထပ်မံထွက်ပြေး သွားရာက ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ 
မင်းဘူးမြို့မရဲစခန်းတွင် (ပ)၄၅၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ရာမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ 
'' တောထဲမှာ လူသေအလောင်းတွေ့လိုဆိုပြီး ကျွန်တော်တို့ အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေသွား ပြီး ကြည့်ကြတယ်။ အမှုကထွက်ပြေးသွားတဲ့ လှဦး ဆိုတာကို သိရတယ်။ အခင်းဖြစ်တုန်းက သူဝတ်ခဲ့တဲ့ ပုဆိုးကို အသုံးပြုပြီး သစ်ပင်မှာ ဆွဲကြိုးချသေဆုံးခဲ့တာပါ။ အလောင်းက ပုတ်ပွနေပေမယ့် သူဝတ် ခဲ့တဲ့ အဝတ်အစားနဲ့ ပုံသဏ္ဍာန်နဲ့က တူညီတယ်ဆိုတာကို အခင်းဖြစ်တုန်းက ဖမ်းဆီးခဲ့တဲ့သူတွေ ပြောပြလို့သိတယ်။ သက်ဆိုင်ရာကတော့ မိသားစုကို အတည်ပြုဖို့ အကြောင်းကြားထားတယ်။ ဆရာဝန်ကြီးတွေက သေဆုံးတာ တစ်လကျော်လောက်ရှိပြီလို့ မှတ်ချက်ပြုခဲ့တယ်" ဟု ထောက်ရှာ ပင်အုပ်စု အုပ်ချုပ်ရေးမှူး ကိုဇင်မောင်မြင့်က ပြောသည်။ 

 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး