မယ်ဆိုင် ဇွန် ၂၆
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူကြီးတစ်ခုထဲသို့ လွန်ခဲ့သော သုံးရက်တွင် ဝင်ရောက်ခဲ့ပြီးနောက် ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည့် ယောကျာ်းလေး ၁၂ ဦးနှင့် ၎င်းတို့၏ဘောလုံးနည်းပြတို့အား ကယ်ဆယ်နိုင်ရေးအတွက် ဇွန် ၂၆ ရက်တွင် ထိုင်းရေတပ်အထူးတပ်ဖွဲ့မှ ရေငုပ်သမားများနှင့် အခြားကယ်ဆယ်ရေးသမားများသည် ဂူတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သည်။
လမ်းကြောင်းများပါဝင်သော သမ်လွန်နန်နွန်ဂူထဲသို့ ကယ်ဆယ်ရေးသမားများဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ရေကြီးရေလျှံနေမှုကြောင့်တိုးတက်မှုမရှိသေးချေ။ ဂူဝင်ပေါက်များ၏ အစပိုင်းတွင် ခြောက်သွေ့နေသောကြောင့် ဂူတွင်း အလင်းရောင်ရစေရန် လျှပ်စစ်ဓာတ်အားသွယ်တန်းမှုများကို ပြုလုပ်နိုင်ခဲ့သည်။
အသက် ၁၁ မှ ၁၆ နှစ်ကြားရှိပြီဖြစ်သည့် ယောကျာ်းလေးများနှင့် အသက် ၂၅ နှစ်အရွယ် နည်းပြတို့သည် ဇွန် ၂၃ ရက်တွင် ဂူတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ယူဆမှုများရှိနေသည်။ ဂူတွင်းရှိနေရာတချို့တွင် ဂူအမိုးအထိ ရေတက်နေသော်လည်း ရေငုပ်သမားများသည် ရှာဖွေမှုများကိုဆက်လက်ပြုလုပ်ခဲ့ကြောင်း ရေတပ်ဗိုလ်မှူး နာပွန်ဝက်ဟွမ်ဆိုင်ကပြောဆိုခဲ့သည်။
ဂူတွင်းရှိ လမ်းကြောင်းများသည် ကီလိုမီတာများစွာရှည်လျားသည်။ ယောကျာ်းလေးများသည် လုံခြုံသည့်နေရာတစ်ခုတွင် ခိုအောင်းနေခြင်းဖြစ်နိုင်ကြောင်း အစိုးရအရာရှိများက ယုံကြည်နေဆဲဖြစ်သည်။
ဂူတွင်း တစ်ကီလိုမီတာ( တစ်မိုင်ဝက်)အထိ လျှပ်စစ်ဓာတ်အားသွယ်တန်းပြီး ဆက်သွယ်ရေးလမ်းကြောင်းထားရှိနိုင်ခဲ့ပြီဖြစ်ကာ ဂူတွင်းမှရေများအား စုပ်ထုတ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်အိုဆော့တာနာခွန်းကပြောဆိုခဲ့သည်။
ဂူသည် မြန်မာနိုင်ငံနယ်စပ်နားရှိ တောင်စောင်းတစ်ခုတွင် တည်ရှိခြင်းဖြစ်သည်။

















