လပေါ်သို့ ဒုတိယမြောက်ခြေချခဲ့သူ အာကာသယာဉ်မှူးဟောင်းက အမွေအလွဲသုံးစားမှုဖြင့် သားသမီးနှစ်ဦးကို တရားစွဲ

လပေါ်သို့ ဒုတိယမြောက်ခြေချခဲ့သူ အာကာသယာဉ်မှူးဟောင်းက အမွေအလွဲသုံးစားမှုဖြင့် သားသမီးနှစ်ဦးကို တရားစွဲ

ဝါရှင်တန်     ဇွန် ၂၆ 
    လပေါ်သို့ ဒုတိယမြောက် ခြေချခဲ့သည့်လူသား အမေရိကန်အာကာသယာဉ်မှူး ဘက်ဇ် အယ်ဒရင်သည် ၎င်း၏ ငွေကြေးများနှင့် ပိုင်ဆိုင်မှု အမွေပစ္စည်းများကိုအလွဲသုံးစားပြုလုပ် ခဲ့သည့် သားသမီးနှစ်ဦးနှင့် မန်နေဂျာဖြစ်သူတို့ကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။ 

    ဖခင်ဖြစ်သူသည်  စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာသဖြင့် ဖခင်၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းစောင့်ရှောက်ခွင့် ရလိုကြောင်း သားသမီးနှစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖလော်ရီဒါ တရားရုံးသို့ လျှောက်ထားခဲ့ပြီးနောက် မစ္စတာအယ်ဒရင်က သားသမီးနှစ်ဦးနှင့် မန်နေဂျာကိုငွေအလွဲသုံးစားမှုဖြင့် ပြန်လည်တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ 
    အာကာသယာဉ်မှူး အယ်ဒရင်သည် အသက် ၈၈ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ယောက်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေရလောက်အောင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေခြင်းမရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ဝေါစထရိဂျာနယ်နှင့် အင်တာဗျူးတွင် မစ္စတာအယ်ဒရင်ကပြောသည်။ 
    မစ္စတာအယ်ဒရင်က ရုံးတော်သို့ လျှောက်ထားသောတရားစွဲစာတွင် ၎င်း၏ သားနှင့်သမီး၊ မန်နေဂျာဖြစ်သူ ခရစ္စတီးနားကော့ပ်တို့သည် ပစ္စည်းပိုင်ဆိုင်မှုများကို ချုပ်ကိုင်လိုရုံသာမက၎င်း၏ အိမ်ထောင်ရေးကိုပါ ချုပ်ချယ်ကာ နောက်အိမ်ထောင်ပြုခွင့် မပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ဘက်ဇ်အယ်ဒရင် အင်တာပရိုက်ကုမ္ပဏီနှင့် ရှဲစပေ့ ဖောင်ဒေးရှင်းပရဟိတအဖွဲ့ကို စီမံခွင့်ရရေးအတွက် ဖခင်နှင့် သားသမီးများ အမှုရင်ဆိုင်နေကြခြင်း ဖြစ်သည်။ 
    သားနှင့်သမီးဖြစ်သူ အသက် ၆၀ အရွယ် အင်ဒရူးအယ်ဒရင်နှင့် ဂျဲနစ် အယ်ဒရင်တို့ကမူ ဖခင်ဖြစ်သူသည် အပေါင်းအသင်းသစ်များနှင့် ပေါင်းမိနေပြီး ထိုသူများသည် ဖခင်ထံက ငွေချူနေကြကြောင်း၊ ဖခင်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ငွေတွေ ဒလဟောသုံးပစ်နေကြောင်းဖြင့် တုံ့ပြန်ထားကြသည်။ 
    မစ္စတာအယ်ဒရင်ကလည်း သားဖြစ်သူသည် ဖခင်ကို အသက်ကြီးပြီဟု အကြောင်းပြကာ ပိုင်ဆိုင်မှုများ လွှဲယူထိန်းချုပ်လိုနေကြောင်း၊ သမီးဖြစ်သူသည်လည်း ငွေကြေးအလွဲသုံးစားလုပ်နေကြောင်းဖြင့် တန်ပြန်စွပ်စွဲထားသည်။ ဖခင်၏ တရားမျှတမှုမရှိသော တရားစွဲဆိုမှုအတွက် စိတ်မကောင်းဖြစ်ရသည်ဟု သားသမီးနှစ်ဦးက ပြောသည်။