အမေရိကန်နှင့်ဥရောပအကြား အပြန်အလှန် အခွန်တိုးကောက်မှုကြောင့် ဟာလီဒေးဗစ်ဆန် ဆိုင်ကယ်စက်ရုံခွဲအချို့ ဥရောပသို့ ပြောင်းရွှေ့မည်

အမေရိကန်နှင့်ဥရောပအကြား အပြန်အလှန် အခွန်တိုးကောက်မှုကြောင့် ဟာလီဒေးဗစ်ဆန် ဆိုင်ကယ်စက်ရုံခွဲအချို့ ဥရောပသို့ ပြောင်းရွှေ့မည်

မီလ်ဝါကီ    ဇွန် ၂၆
    အမေရိကန်ကစတင်ခဲ့သည့် ၄င်းနှင့် ဥရောပအကြား အပြန်အလှန် အခွန်တိုးကောက်မှုပြဿနာကြောင့် ကုန်ကျစရိတ်များ တိုးမြင့်လာသဖြင့် အမေရိကန်၏ အထင်ကရ ဆိုင်ကယ်ထုတ်လုပ်သူဖြစ်သည့် ဟာလီဒေးဗစ်ဆန် ကုမ္ပဏီသည် ၄င်း၏စက်ရုံခွဲအချို့ကို ဥရောပသို့ စတင်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂက ဘာဘွန်းဝီစကီ၊ မြေပဲထောပတ်နှင့် လိမ္မော်ရည်ကဲ့သို့ အမေရိကန်ထုတ်ကုန်များကို ဇွန် ၂၂ ရက်၌ အခွန်တိုးမြှင့်ကောက်ခံမှု စတင်မည်ဖြစ်သည်။ ဥရောပ၏ သံမဏိနှင့် အလူမီနီယံသွင်းကုန်များကို ထရမ့်အစိုးရက သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံမှုကို လက်စားချေသည့်အနေဖြင့် ဥရောပသမဂ္ဂသည် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံတန်သည့် အမေရိကန်ထုတ်ကုန်များကို တန်ပြန်အခွန်တိုးကောက်ရန် ထုတ်ပြန်ထားသည်။
    သမ္မတဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေးအတားအဆီးများကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းများထိခိုက်မှုကို ဟာလီဒေးဗစ်ဆန်နှင့် ဥပမာပေးပြောဆိုခဲ့သည်။ ယခုမူ ထရမ့်၏ အခွန်မူဝါဒသစ်ကြောင့် ဟာလီဒေးဗစ်ဆန်၏ ရောင်းအားကို ထိခိ်ုက်လာ၍ ယင်းမူဝါဒသစ်ကို ဟာလီဒေးဗစ်ဆန်ကိုယ်တိုင် ဆန့်ကျင်ခဲ့သည်။
    လွန်ခဲ့သည့်နှစ်က ဥရောပသမဂ္ဂသို့ ဟာလီဒေးဗစ်ဆန်ဆိုင်ကယ် အစီးရေ ၄၀ဝ၀ဝ နီးပါး ရောင်းချရခဲ့ပြီး ယင်းသည် ကုမ္ပဏီအတွက် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဝင်ငွေရသည့်ဈေးကွက်ဖြစ်ကြောင်း သိရသည်။
    အမေရိကန်သင်္ကေတအမှတ်တံဆိပ်တစ်ခုဖြစ်သည့် ဟာလီဒေးဗစ်ဆန်အဖို့ ဥရောပသို့တင်ပို့မှုအတွက် အခွန် ၆ ရာခိုင်နှုန်းမှ ၃၁ ရာခိုင်နှုန်းအကြား အခွန်တိုးဆောင်ရမည်ဖြစ်ရာ ယင်းသည် ဆိုင်ကယ်တစ်စီးလျှင် ပျမ်းမျှ ဒေါ်လာ ၂၂၀ဝ ခန့် ပိုမိုကုန်ကျမည့်အခြေအနေ ဖြစ်နေသည်။    
    ယင်းကြောင့် အမေရိကန်လုပ်ဆိုင်ကယ်ဖြစ်သည်ဆိုသည့်အချက်ကို ထိန်းသိမ်းလိုခြင်းနှင့်အတူ ဟာလီဒေးဗစ်ဆန်အတွက် အရေးပါသည့် ဥရောပဈေးကွက်အား ထိန်းသိမ်းနိုင်ရေးအတွက် ဆိုင်ကယ်ဈေးနှုန်း မြင့်တက်ခြင်းမရှိဘဲ ရောင်းချရန်မှာ အမေရိကန်မှ နိုင်ငံတကာအတွက် ထုတ်လုပ်သည့်စက်ရုံခွဲများကို ဥရောပတွင် ပြောင်းရွေွှ့ထုတ်လုပ်ရန်သာ ရှိကြောင်း သိရသည်။
စက်ရုံခွဲများ ရွှေ့ပြောင်းမှုက အနည်းဆုံး ၉ လမှ ၁၈ လအထိ ကြာမြင့်မည်ဖြစ်သည်။ 
    ဟာလီဒေးဗစ်ဆန်၏ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂထံတွင် အညံ့ခံလက်နက်ချမှုဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုလိုက်သည်။ လက်ရှိတွင်ပင် အမေရိကန်၌ ဆိုင်ကယ်အရောင်းကျဆင်းလာမှုနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်တွင် ဆိုင်ကယ်အရောင်းရဆုံးကာလ ၂၀ဝ၅ ခုနှစ်က ဆိုင်ကယ် ၁ ဒသမ ၁ သန်းကျော် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ယင်းနောက် စီးပွားရေးကျဆင်းမှုနှင့်အတူ ဆိုင်ကယ်အရောင်း ကျဆင်းလာခဲ့သည်။
    ဟာလီဒေးဗစ်ဆန်နှင့် အမေရိကန်ဆိုင်ကယ်ထုတ်လုပ်သူများအတွက် ဆက်လက်၍ ဆိုင်ကယ်အရောင်းကျဆင်းမည့် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ လွန်ခဲ့သည့်အပတ်က အမေရိကန်တွင် စက်ရုံတည်ထားသည့် ဂျာမနီမော်တော်ကား ထုတ်လုပ်သူ ဒိန်မလာအေဂျီသည် ၂၀၁၈ အတွက် ဝင်ငွေခန့်မှန်းချက်ကို လျှော့ချခဲ့ရပြီး ယင်းသည် တရုတ်သို့ အမေရိကန် ပို့ကုန်များအခွန်တိုးကောက်ခံရခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။