ဘိုဂိုတာ ဇွန် ၂၆
အန္တရာယ်များပြားသည့် ကိုလမ်ဘီယာနယ်စပ်ဒေသ၌ ပြန်ပေးဆွဲခံခဲ့ရ၍ ပျောက်ဆုံးခဲ့သည့် အီကွေဒေါ စာနယ်ဇင်းဝန်ထမ်းသုံးဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း အီကွေဒေါအာဏာပိုင်များက ပြောဆိုခဲ့သည်။
လွန်ခဲ့သည့်သုံးလကပျောက်ဆုံးခဲ့သည့် အီလ်ကိုမာစီယိုသတင်းစာမှ သတင်းသမားနှစ်ဦးနှင့် ၄င်းတို့ယာဉ်မောင်း အလောင်းများတွေ့ရှိ၍ ၄င်းတို့ ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု အီကွေဒေါကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းသတင်းထောက်များသည် နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးဆက်နွှယ်သည့် အကြမ်းဖက်မှုများမြင့်တက်လာခြင်းကို စုံစမ်းစစ်ဆေးနေစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
၄င်းတို့ကို ကိုလမ်ဘီယာတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အမည်ရှိ သူပုန်အုပ်စုတစ်စုက မတ် ၂၆ တွင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းနောက် သတ်ဖြတ်ခဲ့ကြောင်း အီကွေဒေါအာဏာပိုင်တို့ကပြောသည်။ သတင်းထောက် ဂျေဗီယာအော်တေဂါ၊ ဓာတ်ပုံဆရာ ပေါလ်ရီဗားစ်နှင့် ယာဉ်မောင်း အက်ဖရိန်ဆီဂါရာတို့အလောင်းများကို ကိုလမ်ဘီယာအစိုးရက အီကွေဒေါသို့ လွှဲပြောင်းပေးလိမ့်မည်ဟု သိရသည်။
သတင်းသမားသုံးဦး၏ မိသားစုများသည် အီကွေဒေါမြို့တော် ကွစ်တို၌ရောက်ရှိခဲ့ကြပြီး ဈာပနပွဲကျင်းပရန် စီစဉ်နေပြီဖြစ်သည်။ အလွန်ဆိုးရွားသည့်ရာဇဝတ်မှုကျူးလွန်သူများ အပြစ်ပေးခံရရေးကြိုးပမ်းမည်ဖြစ်ကြောင်း ကိုလမ်ဘီယာအစိုးရကိုယ်စား ရှေ့နေချုပ် နက်စ်တာမာတီနက်ဇ်က ကတိပြုခဲ့သည်။ သတ်ဖြတ်မှုကို လျင်မြန်စွာ စုံစမ်းစစ်ဆေးပေးရန် အီကွေဒေါရှေ့နေချုပ် ဂျေဗီယာအန်ဒရာဒီးက တောင်းဆိုခဲ့သည်။
ကိုလမ်ဘီယာနယ်စပ်တစ်လျှောက်တွင် ကိုလမ်ဘီယာနှင့် အီကွေဒေါတို့ စစ်ဆင်ရေးများဆင်နွှဲကာ သူပုန်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း သူပုန်ခေါင်းဆောင်နှင့်တကွ အများအပြား လွတ်မြောက်နေဆဲဖြစ်သည်။ ယင်းနှစ်နိုင်ငံတို့သည် ပစိဖိတ်မှသည် အမေဇုန်တစ်လျှောက် နယ်စပ်ခြင်း မိုင် ၄၀ဝ (ကီလိုမီတာ ၆၄၀) ထိစပ်နေပြီး ယင်းနယ်စပ်တစ်ကြောတွင် မူးယစ်ဆေ း မှောင်ခိုအုပ်စုများ၏ လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေကြသည်။
ဇန်နဝါရီနောက်ပိုင်း ယင်းဒေသတွင် ဖာ့သူပုန်လက်ကျန်များလက်ချက်ဖြင့် ကိုလမ်ဘီယာစစ်သည်လေးဦး ကျဆုံးခဲ့ရသည်။ ဧပြီလလယ်တွင် လူငယ်ကုန်သည်နှစ်ဦးလည်း ပြန်ပေးဆွဲခံခဲ့ရပြီး ၄င်းတို့၏ ကံကြမ္မာကို မသိရှိရသေးပေ။

















