ကရာကတ်စ် ဇွန် ၂၆
ဗင်နီဇွဲလားအစိုးရတာဝန်ရှိသူ ၁၁ ဦးကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု( Sanction)များချမှတ်အရေးယူခဲ့မှုတွင် ဒုတိယသမ္မတ ဒယ်စီရော်ဒရီဂတ်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။ မေလက ကျင်းပပြီးစီးခဲ့သော ဗင်နီဇွဲလား ရွေးကောက်ပွဲသည် လွတ်လပ်မျှတခြင်းကင်းမဲ့သည်ဟု ဥရောပသမဂ္ဂက ဝေဖန်ပြောကြားခဲ့သည်။
မစ္စ ရော်ဒရီဂတ်သည် မကြာသေးခင်ကမှ ဒုသမ္မတ ခန့်အပ်ခံထားရသူ ဖြစ်သည်။ Sanction ထိသူများထဲတွင် ဒုသမ္မတဟောင်းတာရက် အယ် အစ်ဆာမီလည်း ပါဝင်သည်။ ဆန်ရှင်ထိသူ ၁၁ ဦးသည် ဥရောပသမဂ္ဂအတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံရမည်ဖြစ်သလို၊ ပိုင်ဆိုင်မှုများလည်း ထိန်းသိမ်းခံရမည်ဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ နီကိုလက်စ် မာဒူရိုပင် နောက်ထပ် ခြောက်နှစ်တာ သမ္မတသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ Sanction ထိသူ ၁၁ ဦးသည် ဗင်နီဇွဲလားတွင် လူ့အခွင့်အရေး ချိုးဖောက်၊ ဒီမိုကရေစီကျဆင်းအောင်လုပ်၊ ဥပဒေကို မလေးမစား ပြုကျင့်သူများဖြစ်ကြောင်း ဥရောပသမဂ္ဂကပြောသည်။
ဗင်နီဇွဲလားနိုင်ငံရေးတွင် ဥရောပသမဂ္ဂက ဝင်ရောက်ခြယ်လှယ်လာခြင်းကို ရှုတ်ချကြောင်း ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်လည်း ဥရောပသမဂ္ဂသည် ဗင်နီဇွဲလားတာဝန်ရှိသူခုနစ်ဦးကို ဆန်ရှင်ချမှတ်ထားပြီး ဖြစ်သည်။ မစ္စ ရော်ဒရီဂတ်သည် ဒုသမ္မတ ဖြစ်မလာခင်က နိုင်ငံတော်ဖွဲ့စည်းပုံညီလာခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အတိုက်အခံများ ကြီးစိုးထားသော လွှတ်တော်ကို ဖြိုခွဲနိုင်ရန်အတွက် သမ္မတမာဒူရိုက ၎င်းကိုထောက်ခံသူများနှင့်သာ ညီလာခံအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။
မစ္စ ရော်ဒရီဂတ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပြီး၊ အစ်ကိုဖြစ်သူဂျော့ ရော်ဒရီဂတ်နှင့် အတူသမ္မတမာဒူရို၏ အနီးကပ် မဟာမိတ်များအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။

















