ခရိုင်မှုခင်းသတင်းထောက်အဖွဲ့ဝင် ၄ ဦးကို ခြိမ်းခြောက်ငွေတောင်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

ခရိုင်မှုခင်းသတင်းထောက်အဖွဲ့ဝင် ၄ ဦးကို ခြိမ်းခြောက်ငွေတောင်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

ဗန်းမောက်မြို့နယ်တွင် ခရိုင်မှုခင်းသတင်းထောက်အဖွဲ့ဝင် ၄ ဦးကို ခြိမ်းခြောက်ငွေတောင်းယူမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်။ 
 

'' ဇွန် ၂၂ ရက်နေ့မှာ အောင်သာကုန်းကျေးရွာက ဦးအောင်ထွန်းနဲ့ လူကြီး ၃ ယောက်က ကျေးရွာမူ လတန်း ကျောင်းမှာအသုံးပြုဖို့ပျဉ်တို/ပျဉ်စတွေနဲ့ ထိုင်ခုံလုပ်ဖို့ ဦးဖိုးဖြူ ရဲ့ ပရိဘောဂဆိုင် ကို သယ်သွားတယ်။ အဲလိုသယ်ယူလာတာကို မှုခင်းသတင်းထောက် ဝတ်စုံတွေ ဝတ်ထားတဲ့သူတွေ ၄ ယောက်က သူတို့ရုံးကိုခေါ်သွားပြီးတော့ ပျဉ်တို/ပျဉ်စတွေ သယ်လာတာကြောင့် ငွေ ၅ သိန်းတောင်းလို့ ပရိဘောဂဆိုင်ပိုင်ရှင်ဆီကနေ ငွေချေးပေးခဲ့ရတယ် ဆိုပြီး အမှုဖွင့်တိုင်ကြားခဲ့တာပါ" ဟု ဗန်းမောက်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 
ဦးအောင်ထွန်းပါ ၄ ဦးကို မှုခင်းသတင်းထောက် ဝတ်စုံဝတ်ဆင်ထားသူများက ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ အဆောက်အဦအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အဆောက်အဦအတွင်း ရောက်ရှိ စဉ် "ခရိုင်မှုခင်းသတင်းထောက်အဖွဲ့"ဆိုင်းဘုတ်ကို တွေ့ရှိရပြီး ၎င်းတို့(၄)ဦးအား ထိုင်ခိုင်းထားကြောင်း၊ အနီးရှိ လူတစ်ဦးက "ဇော်လင်းထွန်း"ဟု ခေါ်သံကြားသဖြင့် ၎င်းတို့ကို ထိုင်ခိုင်းသူမှာ ခရိုင်မှုခင်းသတင်းထောက်ဥက္ကဌ ဇော်လင်းထွန်းဟု သိရကြောင်း၊ ဇော်လင်းထွန်းပါ (၄)ဦးက ဦးအောင်ထွန်းပါ(၄)ဦး လွယ်ထားသည့် လွယ်အိတ်များကို ရှာဖွေခဲ့ပြီး ပျဉ်တို/ပျဉ်စနှင့် ပျဉ်ဟောင်းများ သယ်ဆောင်လာခြင်းအတွက် ငွေ(၅၀ဝ,ဝ၀ဝ)ကျပ် ပေးရန်တောင်းသဖြင့် ပရိဘောဂဆိုင် ပိုင်ရှင် ဦးဖိုးဖြူထံမှ ချေးငှားပေးခဲ့ရကြောင်း အမှုတိုင်ကြားချက်တွင် ပါရှိသည်။ 
" ခရိုင်မှုခင်းသတင်းထောက်အဖွဲ့ဥက္ကဌ ဆိုတဲ့ ဇော်လင်းထွန်း၊ရှိုင်းကိုကို(ခ) ကိုရှိုင်းနှင့် မြင့်သူ(ခ)မြမိုး နဲ့ မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး တို့ကို ခြိမ်းခြောက်ငွေတောင်းမှု၊ မတရားတားဆီးချုပ်နှောင်မှု၊ပူးပေါင်း ကြံစည်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်" ဟု အဆိုပါအရာရှိက ပြောသည်။ 
အမှုဖြစ်ပွားခဲ့ပြီးနောက် MCRA/SHအဖွဲ့၏ ဗဟိုဥက္ကဌ ဦးသက်နိုင်ဦးက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် "ဗန်းမောက်မြို့MCRA/SHအဖွဲ့ဝင် ဦးဇော်လင်းထွန်းပါလေးဦး သည် ဥပဒေမဲ့ခြိမ်း ခြောက်ငွေတောင်းမှုကိုကျုးလွန်ပါသဖြင့် ဗန်းမောက်ရဲစခန်းတွင်အမှုဖွင့်ထားပါကြောင်းသိရှိရပါ သဖြင့်၎င်းဇော်လင်းထွန်းအပါအဝင်အမှုဖွင့်ခံရသူလေးဦးကိုယနေ့မှစ၍MCRA/SHအဖွဲ့မှအပြီးအပိုင်ထုတ်ပယ် လိုက်ပါကြောင်းနှင့်တရားရုံးစစ်ဆေး၍ပြစ်ဒဏ်ချမှတ် ခြင်းခံရပါကအသင်းအဖွဲ့အားသိက္ခာကျအောင်ပြုမူ ဆောင်ရွက်မှုဖြင့် ၎င်းဇော်လင်းထွန်းပါလေးဦးအား MCRA/SHအဖွဲ့မှ ထပ်မံတရားစွဲသွားမည်ဖြစ်ကြောင်း ဇွန် ၂၅ ရက်ညပိုင်းတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ဇွန် ၁၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ '' အချို့သောသတင်း ထောက်များ သည် အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက်များ အမည်ခံ၍ လောင်းကစား မှုများ ပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း၊ ဝင်ရောက်စွက်ဖက်၍ ငွေကြေးတောင်းခံခြင်း၊ အသင်းဝင်အဖြစ် လျှောက်ထား သူများ ထံမှ ဝင်ကြေးများ ကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ ဒုစရိုက် လုပ်ငန်း လုပ်ကိုင် နေသူများထံမှ လစဉ်ကြေးများ ရယူခြင်းများ ရှိနေကြောင်းကိုလည်း စိစစ်တွေ့ရှိရ ကြောင်း၊ အချို့သော သတင်းထောက်များ အနေဖြင့် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ကျေနပ်မှုမရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆဲဥပဒေများအရ အရေး ယူပေးရန် တိုင်ကြားမှု ၁၂ မှုရှိခဲ့ပြီး သတင်း ထောက် ၁၅ ဦး၊ မီဒီယာအသင်းဝင် တစ်ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို အရေးယူခဲ့ကြောင်း " ပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး