ဗျူနိုအေးရီး ဇွန် ၂၆
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က အာဂျင်တီးနားကို ဒေါ်လာ ဘီလျံ ၅၀ ချေးငွေချထားပေးခြင်းကို ကုန်သွယ်ရေးသမဂ္ဂများဦးဆောင် သပိတ်မှောက် ကန့်ကွက်မှုကြောင့် နိုင်ငံယန္တရားလည်ပတ်မှု အများအပြား ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
တစ်နှစ်လျှင် ၃၀ ရာခိုင်နှုန်းခန့် ငွေကြေးဖောင်းပွနေခြင်းနှင့် ကိုက်ညီအောင် အခြေခံလစာများတိုးမြှင့်ပေးရန်လည်း အထွေထွေလုပ်သားများသမဂ္ဂ အဖွဲ့ကြီးက တောင်းဆိုလိုက်သည်။ မြို့တော် ဗျူနိုအေးရီးတွင် မြို့ပတ်ရထား၊ ဘတ်စ်ကားနှင့် မြေအောက်ရထားစနစ်များ ရပ်ဆိုင်းနေသည်။ မြို့တော်သို့ အဝင်အထွက် လမ်းမများကိုလည်း သပိတ်မှောက်သူများက ပိတ်ဆို့ထားသဖြင့် အဆက်အသွယ်များ ပြတ်တောက်လျက်ရှိသည်။
ဆန္ဒပြမှုများကြောင့် မြို့တော်နေလူဦးရေ ၁၅ သန်းခန့်အပေါ် ထိခိုက်မှုရှိကြောင်း တာဝန်ရှိသူများကပြောသည်။ နိုင်ငံတစ်ဝန်း လေကြောင်းပျံသန်းမှုများလည်း ရပ်ဆိုင်းလျက်ရှိသည်။ အာဂျင်တီးနားပီဆိုငွေ ပြိုလဲမှုကြောင့် အိုင်အမ်အက်ဖ်သည် သမ္မတမော်ရီစီယိုမက်ခရီ ဦးဆောင်သောအစိုးရအဖွဲ့ကို ဒေါ်လာဘီလျံငါးဆယ် ထုတ်ချေးရန် သဘောတူခဲ့သည်။ နိုင်ငံ့စီးပွား အကျပ်အတည်းထဲ မကျဆင်းစေရန်အတွက် ချေးငွေယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတမက်ခရီက ပြောသည်။ ယခုလိုသပိတ်မှောက် ဆန္ဒပြမှုများသည် မည်သို့မျှ အကျိုးမရှိကြောင်းလည်း သမ္မတမက်ခရီက ပြောသည်။
အိုင်အမ်အက်ဖ်၏ ချေးငွေများကြောင့် အာဂျင်တီးနားသည် အိုင်အမ်အက်ဖ် ချမှတ်သည့် ခြိုးခြံချွေတာရေးမူဝါဒများ လက်ခံကျင့်သုံးခဲ့ရခြင်းအကျိုးဆက်အဖြစ် စီးပွားချွတ်ခြုံကျခဲ့ရကြောင်း အာဂျင်တီးနားပြည်သူအများစုက သဘောထားရှိနေကြသည်။ နောက်ထပ် ဒေါ်လာဘီလျံ ၅၀ ချေးငွေ ချထားပေးရန်အတွက် အိုင်အမ်အက်ဖ်က ထပ်မံကျင့်သုံးခိုင်းမည့် ခြိုးခြံချွေတာရေးအစီအစဉ်များကြောင့် အာဂျင်တီးနားစီးပွားသည် ပို၍ ကျဆင်းဖွယ်သာ ရှိနေကြောင်း အာဂျင်တီးနားအထွေထွေလုပ်သားများသမဂ္ဂ ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူကားလို့စ် အကူနာက ထောက်ပြပြောကြားသည်။

















