ဒီမိုကရက်တစ်အမတ်တစ်ဦးအား သတိထားနေရန် သမ္မတထရမ့် သတိပေးပြောဆိုခဲ့

ဒီမိုကရက်တစ်အမတ်တစ်ဦးအား သတိထားနေရန် သမ္မတထရမ့် သတိပေးပြောဆိုခဲ့

ဝါရှင်တန် ဇွန် ၂
အိမ်ဖြူတော်၏ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါစ် စားသောက်ဆိုင်တစ်ဆိုင်မှ နှင်ထုတ်ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဒီမိုကရက်အမတ်များနှင့် အငြင်းပွားမှုများရှိခဲ့ရာမှ ထရမ့်သည် လွှတ်တော်အမတ်တစ်ဦးကို သတိထားနေရန် သတိပေးပြောဆိုခဲ့သည်။

ထရမ့်အစိုးရအဖွဲ့ရှိ အခြားအရာရှိများကိုလည်း အလားတူဆန့်ကျင်ရန် ဒီမိုကရက်တစ်ဥပဒေပြုအမတ် မက်ဇင်ဝေါတားစ်က ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတစ်ခုတွင် ထောက်ခံသူများအားပြောဆိုခဲ့သည်။ ဇွန် ၂၅ ရက်တွင်မူ ထရမ့်က ဝေါတားအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း တွစ်တာမှတစ်ဆင့် သတိပေးပြောဆိုခဲ့သည်။
    ဝေါတားသည် ဉာဏ်ရည်အင်မတန်နိမ့်သူဖြစ်ပြီး ၎င်း၏အစိုးရအဖွဲ့ဝင်များအား ရန်ပြုရန် ထောက်ခံသူများကို တိုက်တွန်းခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ဇွန် ၂၂ ရက်နှောင်းပိုင်းတွင် အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါစ်သည် Red Hen စားသောက်ဆိုင်မှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ ထရမ့်ကိုဆန့်ကျင်သည့် စားသောက်ဆိုင်ပိုင်ရှင်သည် ဆန်ဒါစ်အား ယဉ်ကျေးစွာနှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန်ဒါစ်ကလည်း တစ်စုံတရာဆန့်ကျင်ခြင်းမပြုဘဲ ထွက်ခွာခဲ့သည်။
    စီးပွားရေးလုပ်ငန်းကိုအောင်မြင်ချင်သော ဆန္ဒရှိပါကြောင်း၊ သို့သော် တစ်ခါတစ်ရံတွင် ကိုယ်ကျင့်တရားအတွက် စိတ်မသက်မသာဖြစ်စေသည့် လုပ်ရပ်များကိုလုပ်ဆောင်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့ကို ပြုလုပ်ရလေ့ရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင် စတီဖနီဝီလ်ကင်ဆင်ကပြောဆိုခဲ့သည်။
    လော့စ်အန်ဂျလိစ်၌ ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ဝေါတားစ်က ထရမ့်အစိုးရအဖွဲ့ဝင်တစ်ဦးဦးကို စားသောက်ဆိုင်တစ်ဆိုင်တွင်း၊ စတိုင်းဆိုင်တစ်ဆိုင်တွင်း၊ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင်းတွေ့ရှိသည်ဆိုပါက လူစုပြီး နှင်ထုတ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
    သဘောကွဲလွဲခွင့်ရှိသော်လည်း အန္တရာယ်မရှိဘဲ လွတ်လပ်စွာဖြင့် သဘောကွဲလွဲခွင့်ရှိသင့်ကြောင်း ဆန်ဒါစ်က ဇွန် ၂၅ ရက်တွင်တုံ့ပြန်ပြောဆိုခဲ့သည်။ ဝေါတားသည် ယဉ်ကျေးပျူငှာစွာပြောဆိုတတ်ရန် လိုအပ်သလို ထရမ့်သည်လည်း နေ့စဉ်ယဉ်ကျေးရန် လိုအပ်နေကြောင်း အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ခေါင်းဆောင် နန်စီပယ်လော်စီကပြောဆိုခဲ့သည်။
    ဝေါတားစ်၏လှုံ့ဆော်မှုအတိုင်း ဒီမိုကရက်တစ်ပါတီကိုထောက်ခံသူများက လိုက်လံလုပ်ဆောင်မည်ဟု မထင်ကြောင်း ဒေါ်နယ်ထရမ့်၏သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာက ပြောဆိုခဲ့သည်။ သို့သော် ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် ကော်ရီဘရွတ်ကာက ထရမ့်အစိုးရအဖွဲ့ဝင်များကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း မေတ္တာတရားနဲ့သာရင်ဆိုင်သင့်ကြောင်း သတိပေးပြောဆိုခဲ့သည်။