စပိန်၌ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်စဉ်အတွင်း ကလေးများခိုးယူခံရမှုနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ရုံးတင်

စပိန်၌ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်စဉ်အတွင်း ကလေးများခိုးယူခံရမှုနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ရုံးတင်

မက်ဒရစ် ဇွန် ၂၆
စပိန်အား ဗိုလ်ချုပ်ဖရန်စစ္စကို ဖရန်ကိုက ၁၉၃၉ မှ ၁၉၇၅ ခုနှစ်အထိ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့စဉ်အတွင်း မိခင်များထံမှ ခိုးယူခံရသည့် ကလေးငယ်ထောင်ပေါင်းများစွာနှင့်ပတ်သက်သော အမှုဖြင့် သံသယရှိသူတစ်ဦးကို မက်ဒရစ်ရှိ တရားရုံးတစ်ရုံး၌ ဇွန် ၂၆ ရက်တွင် ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့သည်။

ဖရန်ကိုအုပ်ချုပ်စဉ်အတွင်း အစိုးရဆန့်ကျင်ရေးလက်ယာဝါဒီများ၊ လက်မထပ်ထားသည့် စုံတွဲများ၊ ဆင်းရဲသော စုံတွဲများထဲမှ မွေးခါစကလေးငယ်များကို လိမ်လည်ရယူပြီး အခြားလူများပေးအပ်ကာ မွေးစားစေခဲ့သည်။ မွေးခါစကလေးငယ်သေဆုံးပြီဖြစ်ပြီး မြှုပ်နှံခြင်းကို ဆေးရုံက တာဝန်ယူမည်ဖြစ်ကြောင်း မိခင်များကို ဆေးရုံအာဏာပိုင်များကပြောဆိုကာ ကလေးငယ်များအား အခြားမိသားစုများထံသို့ ရောင်းချခြင်းသို့မဟုတ် ပေးအပ်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။
    စပိန်၌ လက်ဝဲဝါဒီများနှင့် ဗိုလ်ချုပ်ဖရန်ကိုအပေါ် သစ္စာခံသည့် အမျိုးသားရေးဝါဒီများကြား ဖြစ်ပွားသည့် ၁၉၃၆-၃၉ ပြည်တွင်းစစ်ပြီးနောက် ဖရန်ကိုအာဏာရရှိခဲ့ပြီးနောက် ၁၉၅၀ ပြည့်နှစ်များမှစကာ မွေးခါစကလေးငယ်များကို ခိုးယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ဝဲဝါဒီများလက်ထက်မှာထက် ကြွယ်ဝချမ်းသာသည့် ရိုမန်ကက်သလစ်မိသားစုများလက်ထဲတွင်သာ ကလေးငယ်များ၏ဘဝတိုးတက်ကောင်းမွန်မည်ဟု ယူဆကာ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
    ကလေးခိုးယူမှုတွင် ဆရာဝန်များ၊ သူနာပြုများ၊ သီလရှင်များနှင့် ခရစ်ယာန်ဘုန်းကြီးများပင်ပါဝင်ခဲ့သည်။ အဆိုပါစနစ်ကို ဖရန်ကို သေဆုံးခဲ့သည့် ၁၉၇၅ ခုနှစ်နောက်ပိ်ုင်းအထိ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကလေးမွေးစားမှုဆိုင်ရာဥပဒေသစ်တစ်ခုကို အတည်ပြုခဲ့သည့် ၁၉၈၇ ခုနှစ်မှသာ ရပ်ဆိုင်းခဲ့သည်။
    မက်ဒရစ်ရှိ ယခုအချိန်တွင်မရှိတော့သည့် ဆန်ရိုမန်ဆေးရုံ၌ သားဖွားနှင့်မီးယပ်ဆရာဝန်အဖြစ်လုပ်ကိ်ုင်ခဲ့သည့် အီဒူယာဒိုဗဲလာသည် ၁၉၆၉ ခုနှစ်တွင် အင်းနစ်စ်မက်ဒရီဂယ်အား မိခင်ဖြစ်သူထံမှ ခိုးယူကာ အခြားအမျိုးသမီးတစ်ဦးထံသို့ ပေးအပ်ခဲ့ကြောင်း စွပ်စွဲကာ ရုံးတင်ခဲ့ခြင်းဖြစ်သည်။ မက်ဒရီဂယ်သည် ယခုအချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်သည်။
    ဗယ်လာသည် အစိုးရမှတ်တမ်းများ အတုပြုလုပ်မှု၊ တရားမဝင်မွေးစားမှု၊တရားမဝင်ချုပ်နှောင်မှုတို့ဖြင့် ရုံးတင်ခံခဲ့ရခြင်းဖြစ်သည်။