အေပီသတင်းက ယူအေအီး ဖမ်းဆီးထားသူများသတင်း ထုတ်လွှင့်ခဲ့ပြီးနောက် ထိန်းသိမ်းခံအချို့လွတ်မြောက်လာ

အေပီသတင်းက ယူအေအီး ဖမ်းဆီးထားသူများသတင်း ထုတ်လွှင့်ခဲ့ပြီးနောက် ထိန်းသိမ်းခံအချို့လွတ်မြောက်လာ

ကိုင်ရို    ဇွန် ၂၆
    ယီမင်တောင်ပိုင်းတွင် ယူအေအီးထောက်ခံသည့်တပ်ဖွဲ့များက စွဲချက်တင်မှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအကြောင်း သတင်းကို အေပီသတင်းဌာနက ထုတ်လွှင့်ခဲ့ပြီးနောက် ထိန်းသိမ်းခံ ယီမင်လူရွှင်တော်တစ်ဦးနှင့် အခြားသုံးဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

လူရွှင်တော်သရုပ်ဆောင် နာဆာအယ်လ်အန်ဘာရီလွတ်မြောက်လာပြီး အေဒင်မြို့လမ်းပေါ်တွင်လျှောက်ရင်း ကြိုဆိုသူများနှင့်နှုတ်ဆက်နေပုံကို မြင်တွေ့ခဲ့ကြရသည်။ အယ်လ်အန်ဘာရီသည် ကင်ဆာဖြစ်နေသည့် ၄င်း၏ဇနီးနှင့် ပြန်လည်တွေ့ဆုံနိုင်ခဲ့သည်။
    ယီမင်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများအတွင်း ယူအေအီးကျောထောက်နောက်ခံပြုတပ်များက သံသယဖြင့် ဖမ်းဆီးခဲ့ပြီး နှိပ်စက်ညှင်းပန်းမှုနှင့် လိင်ပိုင်းအနိုင်ကျင့်မှုများ ပြုကျင့်ခံရသည့် အကျဉ်းသားများအကြောင်း အေပီသတင်းက ထုတ်လွှင့်ခဲ့ပြီးနောက် ထိန်းသိမ်းခံအချို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ အယ်လ်အန်ဘာရီသည် အေဒင်မြို့မှ ဘီအာမက်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
    ၄င်းအပြင် လွတ်မြောက်လာသည့် အခြားထိန်းသိမ်းခံသုံးဦးထဲတွင် နိုင်ငံတကာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) အတွက် လုပ်ကိုင်ပေးခဲ့သည့် မာမွတ်အယ်လ်ဘေဒါနီလည်း ပါဝင်သည်။ အခြားလွတ်မြောက်လာသူတစ်ဦး၏ ညီဖြစ်သူက ၄င်း၏အစ်ကိုသည် ရုတ်တရက် လွတ်မြောက်လာကြောင်း၊ မိသားစုသည် ကြိုတင်သိရှိခဲ့ခြင်းမရှိကြောင်း အေပီသို့ ပြောဆိုခဲ့သည်။
    ယီမင်ရှေ့နေချုပ်  မိုဟာမက်အလီဆာလက်က ဇွန် ၂၅ ရက်၌ လွှတ်ပေးသည့်ထိန်းသိမ်းခံဦးရေ မည်မျှရှိကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ လာမည့်ရက်များတွင် အေဒင်ရှိ အခြားသော လျှို့ဝှက်အကျဉ်းထောင်များမှ အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် မျှော်လင့်ကြောင်းလည်း လုံခြုံရေးအရာရှိများက အေပီသို့ ပြောဆိုခဲ့သည်။
    ယီမင်ရှိ မည်သည့်အကျဉ်းသားများကိုမျှ ထိန်းချုပ်ထားခြင်းမရှိဟု ယီမင်က ငြင်းဆိုခဲ့ပြီး ယင်းတို့သည် ယီမင်အစိုးရ ထိန်းချုပ်မှုအောက်တွင်သာ အပြည့်အဝရှိကြောင်း ပြောဆိုခဲ့သည်။ ယီမင်ပြည်ထဲရေးဝန်ကြီး အာမက်အယ်လ်မေဆာရီကမူ လွန်ခဲ့သည့့်အခြေအနေက ၄င်းသည် အကျဉ်းသားများကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယူအေအီး၏ခွင့်ပြုချက်မရလျှင် ၄င်းပင်လျင် အေဒင်မြို့တွင် ဝင်ခွင့်မရခဲ့ကြောင်း ပြောဆိုခဲ့သည်။
    အမေရိကန်၏ အဓိကမဟာမိတ်တစ်ဦးဖြစ်သည့် ယူအေအီးသည် လျှို့ဝှက်အကျဉ်းများတွင် အကျဉ်းသားများကို နှိပ်စက်ညှင်းပန်းခဲ့ကြောင်းသတင်းကို လွန်ခဲ့သည့်ဇွန်လက အေပီသတင်းဌာနက ပထမဆုံး စတင်ဖော်ထုတ်ခဲ့သည်။ အနည်းဆုံး အကျဉ်းသားငါးဦး လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရကြောင်း အေပီက တွေ့ရှိအတည်ပြုခဲ့သည်။