ရွှေပြည်သာတံတားပေါ်မှ ခုန်ချသေကြောင်းကြံစည်သူ အသက်မသေခဲ့

ရွှေပြည်သာတံတားပေါ်မှ ခုန်ချသေကြောင်းကြံစည်သူ အသက်မသေခဲ့

အင်းစိန်မြို့နယ် ရွှေပြည်သာတံတားပေါ်တွင် လူတစ်ဦး ခုန်ချကာ သေကြောင်းကြံစည်သော်လည်းအသက်မသေဆုံးခဲ့သည့်ဖြစ်စဉ် ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ မိနစ်၅၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ် ရွှေပြည်သာတံတားပေါ်မှ လူတစ်ဦး ခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်ကြောင်း သတင်းအရ ဒုရဲမှူးကိုကိုထွေးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
စုံစမ်းချက်အရ တံတားပေါ်မှခုန်ချသေကြောင်း ကြံစည်သူမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ၂၈ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး တံတားလက်ရမ်းတွင် ကြိုးစတစ်ဖက်ကိုချည်နှောင်ကာ တစ်စကို လည်ပင်းတွင်ချည်နှောင်ပြီး တံတားအောက်သို့ ခုန်ချရန် ကြံစည်ခဲ့သည်။ 
ထိုသို့ ကြံစည်စဉ် ကြိုးပြတ်ကျပြီး အင်းစိန်ဘက် ခြမ်းတံတားအောက်ခြေ အုတ်ခုံနှင့်ထိမိကာ ဦးခေါင်းနောက်စေ့ပေါက်၊ လည်ပင်းပွန်း ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသရသောကြောင့် မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
အင်းစိန်မြို့မရဲစခန်းက (ပ)၁၂၀၈ /၁၈ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။