ကျောက်စိမ်းတုံးခြောက်ရာကျော် သယ်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်ကို ဖမ်းမိ

ကျောက်စိမ်းတုံးခြောက်ရာကျော် သယ်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်ကို ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ရှိ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်တွင် ခရီးသည်တင်ယာဉ်လိုင်းဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၆၀၃ တုံးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲ မြို့မရဲစခန်းမှသိရသည်။

ဇွန် ၂၇ ရက် နံနက် ဝ၀နာရီ ၄၅မိနစ်ခန့်တွင် မန္တလေးမြို့ (၁၉) လမ်းနေ ယာဉ် မောင်း စိုးသန်း (၅၅)နှစ်မောင်းနှင်ပြီးယာဉ်အကူ ဇေယျာလင်း(၃၄ နှစ်) လိုက်ပါလာသည့် ရှမ်းမင်း သား Express ခရီးသယ်တင်ယာဉ်ကို ကျောက်မဲမြို့ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်တွင် သက်ဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးရှာဖွေခဲ့သည်။ အဆိုပါယာဉ်ဝမ်းဗိုက်အတွင်း သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးကြီး(၂)တုံးအပါအဝင် အဝါရောင် တိတ်ဖြင့်ပတ်ထားသည့် ကျောက်စိမ်းအရွယ်မျိုးစုံ ( ၆၀၃ )တုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ယင်း ကျောက်စိမ်းတုံးများကို မန္တလေး -လားရှိုးမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့မည်ဖြစ်ကြောင်း သတင်းအရ သက်ဆိုင်ရာက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည့် ကျောက်စိမ်းတုံးများ၏ မူလပိုင်ရှင်ကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၂ ဦးကို ကျောက်မဲမြို့မရဲစခန်းက (ပ)၂၈၅/ ၁၈၊ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။