ကျောက်လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားငယ်များကိုရှာဖွေကယ်ဆယ်ရေးငါးရက်မြောက် ဆောင်ရွက်ဆဲ

ကျောက်လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားငယ်များကိုရှာဖွေကယ်ဆယ်ရေးငါးရက်မြောက် ဆောင်ရွက်ဆဲ

မယ်ဆိုင်    ဇွန် ၂၇
    ထိုင်းမြောက်ပိ်ုင်းမှ ကျောက်လိုဏ်ဂူတစ်ခုအတွင်း ဝင်ရောက်ရာမှ ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်း၏ဘောလုံးနည်းပြကို ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုသည် ငါးရက်တိုင်ခဲ့ပြီဖြစ်ပြီး မိုးသည်းထန်မှုနှင့် မြေအောက်ရေစီးများကြားမှ ဇွန် ၂၇ ရက်တွင်ဆောင်ရွက် ဆဲဖြစ်သည်။

ဇွန် ၂၃ ရက်ကတည်းက ချင်းရိုင်ပြည်နယ်၊ သမ်လန်နန်နွန်ဂူထဲ ဝင်ရောက်လေ့လာရာမှ ပျောက်ဆုံးခဲ့သည့် ယင်းကျောင်းသားအုပ်စု နှင့် ကယ်ဆယ်ရေးအုပ်စုများ အဆက်အသွယ် မရသေးပေ။ ဂူအဝသို့ ရေစုပ်စက်များသယ်ယူကာ ရေများစုတ်ထုတ်လျက် ထိုင်းရေတပ်မှ ရေငုပ်သမားများက ရေငုပ်ရှာဖွေကြသော်လည်း အချို့နေရာများတွင် ဇွန် ၂၇ က တစ်နာရီလျှင် ၁၅ စင်တီမီတာ(၆ လက်မ)နှုန်း ရေတက်နေခြင်းကြောင့် အခက်တွေ့နေရသည်။ နေဗွီဆီးလ်တပ်ဖွဲ့သည် အထူးအောက်ဆီဂျင်ဗူးများအသုံးပြုလျက် ကြိုးပမ်းရေငုပ်၍ ကျောက်ဂူအတွင်း သွားလာသော်လည်း ကျောင်းသားငယ်များကို မတွေ့ရှိသေးပေ။
    မျှော်လင့်ချက်ရှိသေးကြောင်း၊ ပါဝင်သည့်အေဂျင်စီအားလုံး အကောင်းဆုံးဆောင်ရွက်လျက်ရှိကြောင်း၊ ရေမျက်နှာပြင် ဆက်လက်မြင့်တက်နေခြင်းက အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ထိုင်းကြည်းတပ်ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်း စီတီဆတ်ကပြောသည်။ ထိုင်းပြည်ထဲရေးဝန်ကြီးကလည်း လာရောက်ကြည့်ရှုအား ပေးသွားခဲ့သည်။
    ကျောင်းသားငယ်များသည် အသက် ၁၁နှစ် မှ ၁၆ နှစ်အတွင်းသာရှိပြီး ဇွန် ၂၃ ရက်တွင် ဘောလုံးလေ့ကျင့်ပြီးနောက် အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြက ဦးဆောင်လျက် ကျောက်ဂူအတွင်း ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းဂူသည် မြန်မာနယ်စပ်အနီး တောင်ကြောပြတ်တစ်ခုတွင် တည်ရှိပြီး ဇွန်မှအောက်တိုဘာအတွင်း မိုးရာသီတွင် ရေများစွာလွှမ်းမိုးလေ့ရှိသည်။