လူမပါသည့် ဂျပန်အာကာသစူးစမ်းရေးယာဉ်တစ်စီးသည် ၃ နှစ်ခွဲကြာခရီးနှင်ခဲ့ပြီးနောက် ဇွန် ၂၇ ရက်၌ ဂြိုဟ်သိမ်တစ်ခုအနီး ရောက်ရှိသွားကာ မြေပြင်သို့ပြန်လည်သယ်ယူရန် ဂြိုဟ်သိမ်ပေါ်မှ နမူနာများကောက်ယူတော့မည်ဖြစ်သည်။ဟာယာဘူဆာ ၂ အာကာယာဉ်သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ သန်းပေါင်း ၂၈၀(မိုင် သန်း ၁၇၀)ခရီးနှင်ကာ ယင်းဂြိုဟ်သိမ်ဆီရောက် ရှိခဲ့ခြင်းဖြစ်သည်။
နောက်ထပ်တစ်နှစ်ခွဲကျော်ကြာလျှင် ယင်းအာကာယာဉ် သည် ဂြိုဟ်သိမ်ပေါ်မှ ကောက်ယူခဲ့သည့်နမူနာများကို ကမ္ဘာမြေသို့ ပြန်လည်ပို့ဆောင်နိုင်မည်ဟုဆိုသည်။ ယင်းသို့ပြန်လည်ပို့ဆောင်သည့် နမူနာများကိုစူးစမ်းပြီး နေအဖွဲ့အစည်း၏မူလနှင့် ကမ္ဘာဂြိုဟ်၏သက် တမ်းအတွက် သဲလွန်စများတွေ့ရှိနိုင်မည်ဖြစ်သည်။
အချင်း မီတာ ၉၀ဝ(ပေ ၃၀ဝ၀)ရှိ ရူဂူဂြိုဟ်သိမ်မျက်နှာပြင် ပေါ်တွင် အပူချိန်အလွန်မြင့်မားခြင်းကြောင့် သင့်တော်သည့်ဆင်းသက်ရန် နေရာရှာဖွေရန် ဂျပန်အာကာယာဉ်သည် နှစ်လခန့်အချိန်ယူခဲ့ရသည်။
မီးတောင်ဝများ မြင်နေရသည့် ဂြိုဟ်မျက်နှာပြင်ပေါ် အာကာသယာဉ် ဆင်းသက်မှုကို စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင်ပြုရန် စီစဉ်ထားသည်။ ဂြိုဟ်သိမ်များသည် နေကိုပတ်သည့်လမ်းကြောင်းအတွင်း ရှိနေကြပြီး ၎င်းတို့သည် နေအဖွဲ့အစည်းအတွင်း သက်တမ်းအရင့်ဆုံး အရာဝတ္ထုများထဲ ပါဝင်သည်။
၎င်းတို့က သမုဒ္ဒရာများဖွဲ့စည်းမှုနှင့် သက်ရှိတို့အစ အပါအဝင် ကမ္ဘာဂြိုဟ်မည်သို့ဖြစ်ပေါ်တိုးတက်ခဲ့ကြောင်း လေ့လာရာတွင် ထောက်ကူနိုင်မည်ဖြစ်သည်။
ဟာယာဘူဆာ ၂ ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပစ်လွှတ်ခဲ့ပြီး ကမ္ဘာမြေသို့ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ပြန်ရောက်ရှိရန်ခန့်မှန်းထား သည်။ ၂၀ဝ၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းကလည်း ပိုမိုရှေးကျသည့် ဟာယာဘူဆာအာကာသယာဉ်သည် အခြားသော ဂြိုဟ်သိမ်ဂြိုဟ်မွှား များမှ နမူနာများကောက်ယူနိုင်ခဲ့သည်။
















