မွမ်ဘိုင်း ဇွန် ၂၆
အိန္ဒိယနိုင်ငံရှိ စီးပွားရေးမြို့ မွမ်ဘိုင်း၌ လုပ်ငန်းလည်ပတ်နေသော ဘာဂါကင်း၊ မက်ဒေါ်နယ်နှင့် စတားဘက်ခ်စ်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီများစွာသည် တစ်ခါသုံးပလတ်စတစ်ပိတ်ပင်ချက်ကို ချိုးဖောက်သည့် ဒဏ်ငွေရိုက်ခံခဲ့ရကြောင်း အိန္ဒိယအစိုးရအရာရှိတစ်ဦးက ဇွန် ၂၆ ရက်တွင်ပြောဆိုခဲ့သည်။
ပိတ်ပင်ချက်သည် ဇွန် ၂၃ ရက်ကတည်းက သက်ရောက်ခဲ့ခြင်းဖြစ်သည်။ ပလတ်စတစ်အိတ်၊ ခွက်နှင့် ပုလင်းများအသုံးမပြုရန် ပိတ်ပင်ထားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် မြို့နေများသည် ပထမဆုံးအကြိမ်ချိုးဖောက်မှုအတွက် ဒဏ်ငွေ ရူပီး ၅၀ဝ၀ ( ၇၃ ဒေါ်လာ)မှ ရူပီး ၂၅၀ဝ၀( ၃၆၇ ဒေါ်လာ) ပေးဆောင်ရမည်ဖြစ်ပြီး အကြိမ်အကြိမ်ချိုးဖောက်ပါက ထောင်ဒဏ်သုံးလအထိ ကျခံရမည်ဖြစ်သည်။
အပြာရောင်ဝတ်စုံများဝတ်ဆင်ထားပြီး ပလတ်စတစ်ဆန့်ကျင်ရေးအဖွဲ့ဟု သတ်မှတ်ခံထားရသည့် အရာရှိ ၂၅၀ ခန့်သည် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ပထမသုံးရက်အတွင်း ဒဏ်ငွေ ၆၆၀ဝ၀ဝ( ဒေါ်လာ ၉၆၈၄ ) ပေးဆောင်စေခဲ့ပြီးဖြစ်ကြောင်း ပိတ်ပင်မှုသက်ရောက်ရေးတာဝန်ရှိသည့် ဒုတိယစည်ပင်သာယာကော်မရှင်နာနီဓီချောက်ဒရီကပြောဆိုခဲ့သည်။ ဘာဂါကင်း၊ မက်ဒေါ်နယ်နှင့် စတားဘက်ခ်စ်တို့အပါအဝင် စားသောက်ဆိုင်ခွဲ ၁၃၂ ခုတို့အပေါ် ဒဏ်ငွေကောက်ခံခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အိန္ဒိယရှိ လူကုန်တန်များ အများဆုံးသွားရောက်လေ့ရှိသည့် ဂေါ်ဒရေနေချာစ်ဘက်စ်ကစ် Godrej Nature's Basket ဆိုင်ခွဲသည်လည်း ဒဏ်ငွေရိုက်ခံခဲ့ရကြောင်း ချောက်ဒရီကပြောဆိုခဲ့သည်။ ပလတ်စတစ်ပိုက်၊ ခရင်း၊ ဇွန်းတို့ကိုအသုံးပြုခဲ့သည့်အတွက် ဒဏ်ငွေရိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
မွမ်ဘိ်ုင်းရှိ ကမ်းခြေများနှင့် လမ်းမများသည် အခြားမြို့များရှိ ကမ်းခြေနှင့်လမ်းမများကဲ့သို့ပင် ပလတ်စတစ်အမှိုက်များ တောင်လိုပုံနေသည်။ ပလတ်စတစ်ပစ္စည်းများကြောင့် ရေနှုတ်မြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံလေ့ရှိခဲ့သည်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကိုပိတ်ပင်မည်ဖြစ်ကြောင်း မဟာရာသျှတ္တရပြည်နယ်အာဏာပိုင်များက လွန်ခဲ့သောသုံးလတွင် ထုတ်ပြန်ခဲ့သည်။ မဟာရာသျှတ္တရပြည်နယ်၏မြို့တော်မှာ မွမ်ဘိုင်းဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၂၉ ပြည်နယ်အနက်အများစုတွင် တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို လုံးဝသို့မဟုတ် တစ်စိတ်တစ်ပိုင်းပိတ်ပင်ထားသော်လည်း ဥပဒေသက်ရောက်မှုရှိအောင် လုပ်ဆောင်ခြင်းမရှိခဲ့ချေ။
မွမ်ဘိုင်းရှိ စီးပွားရေးလုပ်ငန်း ၈၀ဝ၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ပလတ်စတစ် ၇၀ဝ ကီလိုဂရမ်( ပေါင် ၁၅၀ဝ) ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချောက်ဒရီကပြောဆိုခဲ့သည်။

















