နိုင်လိုမင်းထက် သားသတ်လွတ်သမားများရန်မှ ကာကွယ်ပေးရန် ပြင်သစ် အသားလုပ်ငန်းများ အစိုးရထံ လျှောက်ထား

နိုင်လိုမင်းထက် သားသတ်လွတ်သမားများရန်မှ ကာကွယ်ပေးရန် ပြင်သစ် အသားလုပ်ငန်းများ အစိုးရထံ လျှောက်ထား

ပါရီ     ဇွန် ၂၇ 
    နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော အသားဟင်းဓလေ့ကို ဖျက်ပစ်လိုနေသော နိုင်လိုမင်းထက် ပြုကျင့်သည့် သားသတ်လွတ်သမားများရန်ကနေ အသားလုပ်ငန်းများကို ကာကွယ်ပေးရန် ပြင်သစ် အသားလုပ်ငန်းရှင်များအသင်းက အစိုးရထံ အကူအညီတောင်းခံလိုက်ကြောင်း သိရသည်။ 

သားသတ်လွတ်အရေး တက်ကြွလှုပ်ရှားသူများသည် နိုင်ငံတစ်ဝန်း အသားဆိုင်များကို ဝင်ရောက်နှောင့်ယှက်ခြင်း၊ ခဲနှင့်ပေါက်ခြင်း၊ အသားစားမှု ဆန့်ကျင်ရေး ပိုစတာများ ကပ်ခြင်းများဖြင့် နှောင့်ယှက်လျက်ရှိကြောင်း ပြင်သစ် အသားလုပ်ငန်းရှင်များအသင်းက ပြောသည်။ ပြီးခဲ့သည့် လပိုင်းများအတွင်းမှာပင် အသားဆိုင် ၁၅ ဆိုင်ဝန်းကျင်ကို သားသတ်လွတ်သမားများက သွေးရည်တုများဖြင့် ဝိုင်းပက်ခဲ့ကြသည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးသည် အကြမ်းဖက်မှုအသွင်ဆောင်နေကြောင်းဖြင့် ပြင်သစ် အသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ယန်း ဖရန်ဆွာ ဂူဟတ်က ပြောသည်။ သားသတ်လွတ်သမားများသည် ပြင်သစ် အသားဟင်းလျာ ရိုးရာအစဉ်အလာကိုပါ ဖျက်ပစ်လိုနေကြကြောင်းဖြင့် ၎င်းက ပြောသည်။ 
    ပြင်သစ်လူဦးရေ၏  ၃ ရာခိုင်နှုန်းသည်သာ  သားသတ်လွတ်သမားများဖြစ်ကြောင်း ၂၀၁၆ ခုနှစ် စစ်တမ်းများအရ သိရသည်။ မီဒီယာများကလည်း သားသတ်လွတ်စားခြင်းကို အလွန်အမင်း ဂုဏ်တင်ရေးသားနေကြခြင်းသည် သားသတ်လွတ်အစွန်းရောက်ဝါဒသမားများ ထွန်းကားလာအောင် အားပေးရာရောက်နေကြောင်းလည်း မစ္စတာ ဂူဟတ်က ပြောသည်။ 
    ပြင်သစ်ကျောင်းတိုင်းတွင် တစ်ပတ်တစ်ခါ ကလေးများ သားသတ်လွတ်ဟင်းလျာသာ စားစေမည့် ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသော်လည်း လွှတ်တော်က ပယ်ချခဲ့သည်ကို တွေ့ရသည်။