ခိုလှုံသူမိသားစုများ တကွဲတပြားဖြစ်စေမှုဖြင့် သမ္မတထရမ့်ကို ပြည်နယ် ၁၇ ခု စုပေါင်းတရားစွဲ

ခိုလှုံသူမိသားစုများ တကွဲတပြားဖြစ်စေမှုဖြင့် သမ္မတထရမ့်ကို ပြည်နယ် ၁၇ ခု စုပေါင်းတရားစွဲ

ဝါရှင်တန်     ဇွန် ၂၇ 
    ခိုလှုံသူမိသားစုများကို တရားဥပဒေနှင့်မညီစွာ တကွဲတပြား ထိန်းသိမ်းထားမှု၊ ခိုလှုံခွင့် တောင်းခံပိုင်ခွင့်ဟူသော ရပိုင်ခွင့်ကို ငြင်းပယ်မှုများဖြင့် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၇ ပြည်နယ်က စုပေါင်းတရားစွဲဆိုလိုက်ကြောင်း သိရသည်။ 

ဝါရှင်တန်၊ နယူးယောက်၊ ကယ်လီဖိုးနီးယားအပါအဝင် ဒီမိုကရက်တစ် ပြည်နယ်ရှေ့နေချုပ်များ ဦးဆောင်ပြီး ထရမ့် အစိုးရကို တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် ခိုလှုံသူများအား ဝင်ခွင့်ငြင်းပယ်သည့် ထရမ့် မူဝါဒသည်လည်း ဥပဒေနှင့်မညီကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒုသမ္မတ မိုက်ပန့်စ်ကမူ တရားမဝင် ခိုလှုံသူများအနေဖြင့် မိမိတို့ ရင်သွေးများ၏ ဘဝကိုရင်းပြီး အမေရိကန်နိုင်ငံထဲ ခိုးဝင်ဖို့ မကြိုးစားရန်၊ အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု သတိပေး ပြောကြားလိုက်သည်။ 
    “တရားဝင် လာနိုင်ရင်လာ၊ မလာနိုင်ရင်တော့ လုံးဝ မလာတာအကောင်းဆုံးပဲ။ မူးယစ်မှောင်ခိုသမားတွေ၊ လူကုန်ကူးသမားတွေလာတဲ့ လမ်းကြောင်းကနေ အရဲစွန့်ပြီး မလာတာ အကောင်းဆုံးပဲ” ဟု မစ္စတာ ပန့်စ်က ပြောသည်။ 
    မက်ဆာချူးဆက်၊ ဒီလာဝဲ၊ အိုင်ယာဝါ၊ အီလီနွိုက်စ်၊ မယ်ရီလန်း၊ မင်နီဆိုးတား၊ နယူးဂျာစီ၊ နယူးမက္ကဆီကို၊ မြောက်ကာရိုလိုင်းနား၊  အော်ရီဂွန်၊ ပင်ဆယ်ဗေးနီးယား၊ ရုဒ်အိုင်းလင်း၊ ဗားမွန့်၊ ဗာဂျီးနီးယား၊ ဝါရှင်တန်၊ နယူးယောက်၊ ကယ်လီဖိုးနီးယား ပြည်နယ်တို့က စုပေါင်းတရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ကိုလမ်ဘီယာခရိုင်လည်း ပါဝင်သည်။ 
    ဝါရှင်တန်ပြည်နယ်  ဆီယက်တဲမြို့ တရားရုံးတွင်  စွဲဆိုထားခြင်းဖြစ်သည်။ ခိုလှုံသူ မိသားစုများ တကွဲတပြား ဖြစ်နေရခြင်းကို ကုစားရန်အတွက် အတူထိန်းသိမ်းထားရန် သမ္မတ ထရမ့်က ဇွန် ၂၀ တွင် အမိန့်ပြင်ဆင်ချက် ထုတ်ပြန်ခဲ့ခြင်းသည်လည်း တကယ်တမ်းတွင် လှည့်စားမှု တစ်ခုသာဖြစ်ကြောင်း တရားစွဲဆိုမှုက ဖော်ပြထားသည်။