IKEA ဆိုင် ဆိုဖာပေါ်တွေ့သည့်သေနတ် ကလေးငယ် ကောက်ပစ်မှုဖြစ်ပွား

IKEA ဆိုင် ဆိုဖာပေါ်တွေ့သည့်သေနတ် ကလေးငယ် ကောက်ပစ်မှုဖြစ်ပွား

အင်ဒီယာနာပါးလစ်    ဇွန်  ၂၇
    အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ရှိ IKEA အိမ်သုံးပရိဘောဂဆိုင်တွင် ဆိုဖာပေါ်၌ ကျည်ထိုးထားသော သေနတ်တစ်လက် ကျကျန်နေသည်ကို အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ကကောက်ယူကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ပြည်နယ်မြို့တော်  အင်ဒီယာနာပါးလစ်ရှိ IKEA ဆိုင်တွင် ဈေးဝယ်သူတစ်ဦးသည် ဆိုဖာပေါ် စမ်းထိုင်ကြည့်စဉ် သေနတ်ထွက်ကျသည်ကို သတိမထားမိဘဲ သေနတ်သည် ဆိုဖာပေါ်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇွန် ၂၅  ရက်က ဖြစ်ပွားခဲ့သောအမှုတွင် မည်သူမျှ ဒဏ်ရာရရှိခြင်းမရှိဟု သိရသည်။ ကလေး၏ မိဘများကိုလည်း IKEA စတိုးက အနူးအညွတ်တောင်းပန်ခဲ့ကြောင်း သိရသည်။ 
    “သေနတ်ပိုင်ရှင်ကလည်း ဆိုဖာပေါ် ထိုင်ကြည့်ရင်း ပြန်အထမှာ သေနတ်ထွက်ကျခဲ့တာ ရိုးရိုးသားသားနဲ့ကို သတိမထားမိခဲ့ဘူးလို့ ပြောပါတယ်” ဟု အင်ဒီယာနာပါးလစ်မြို့ ရဲဌာန တာဝန်ရှိသူ တွမ် ဝက်ဂ်နာက ပြောသည်။ 
    သေနတ်ပိုင်ရှင်သည် ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေစဉ် သေနတ်သံကြားသည်တွင်မှ ခါးကြားထိုးထားသော သေနတ်ထွက်ကျခဲ့မှန်းကို သိရှိခဲ့ကြောင်း သိရသည်။ ကလေးသည် ဆိုဖာပေါ် တင်ကျန်နေသော သေနတ်ကို ကောက်ကိုင်ကာ မိနစ်အနည်းငယ်ခန့် ဆော့နေပြီးနောက်တွင်မှ ဆိုဖာကို တစ်ချက်ပစ်ခတ်မိခဲ့ကြောင်း မစ္စတာ ဝက်ဂ်နာက ပြောသည်။ 
    သေနတ်သည် ၎င်း၏ သေနတ်ဖြစ်ကြောင်း သေနတ်ပိုင်ရှင်က သိရှိပြီးနောက်တွင် မိမိတာဝန်မိမိယူကာ ရဲတပ်ဖွဲ့၏  စုံစမ်းစစ်ဆေးမှုများတွင်လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ 
    IKEA သည် ဆိုင်အတွင်း သေနတ်မယူရဟု စည်းကမ်းထုတ်ထားသော်လည်း ယူဆောင်မိခြင်းသည် ပြည်နယ်ဥပဒေကို ချိုးဖောက်ရာ မရောက်သဖြင့် သေနတ်ပိုင်ရှင်သည် အရေးယူခံရဖွယ်မရှိကြောင်းလည်း ရှေ့နေ  ဂိုင် ရဲလ်ဖို့ဒ်က ပြောသည်။