ပေကျင်း ဇွန် ၂၇
တရုတ်နိုင်ငံ ကျန်းဆုခရိုင် ဂျန်ချန်း၌ စစ်မှုထမ်းဟောင်းများသည် ပင်စင်လစာဖြင့် မလောက်ငခြင်း၊ အစိုးရက ထောက်ပံ့မှုမရှိခြင်းတို့ကို မကျေနပ်သည့်အတွက် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။
စစ်မှုထမ်းဟောင်းများသည် ရင်ပြင်နှင့် လမ်းမတစ်ခုပေါ်တွင် စုဝေးပြီး လေးရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ စစ်မှုထမ်းဟောင်းများအတွက် အစိုးရက ပိုမိုလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးအား အရပ်ဝတ်တချို့က ရိုက်နှက်ခဲ့မှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။ သို့သော် ဇွန် ၂၅ ရက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဆန္ဒပြသူတချို့ကိုဖမ်းဆီးခဲ့သည်။
ဂျန်းချန်းရဲတပ်ဖွဲ့က စစ်မှုထမ်းဟောင်းများအား အင်အားသုံးနှိမ်နင်းခြင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်ကြောင်း အသက် ၆၃ နှစ်အရွယ် စစ်မှုထမ်းဟောင်း လီရှောက်က ပြောဆိုခဲ့သည်။ သမိုင်းက ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း လီရှောက်ကပြောဆိုခဲ့သည်။ လစာငွေတိုးမြှင့်ပေးပြီး အလုပ်အကိုင်ရှာဖွေပေးကာ ဆေးကုသစရိတ်များထောက်ပံ့ပေးရန် စစ်မှုထမ်းဟောင်းများတောင်းဆိုနေသည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီဖြစ်သည်။ သို့သော် ဗဟိုအစိုးရသည် စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ပေးရန် ဒေသဆိုင်ရာအစိုးရများကို ညွှန်ကြားခဲ့သော်လည်း နောက်ထပ်ရန်ပုံငွေကိုမူထုတ်ပေးခြင်းမပြုခဲ့ချေ။
ယခုနှစ်မတ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့မှုကြောင့် စစ်မှုထမ်းဟောင်းများ တစ်စိတ်တစ်ပိုင်း စိတ်ကျေနပ်ခဲ့ရသည်။ သို့သော် ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ၏ပျင်းရိမှု၊ တာဝန်မခံလိုမှုနှင့် အရည်အချင်းမပြည့်ဝမှုများကြောင့် တိကျခိုင်မာသော ဥပဒေနှင့်မူဝါဒများပင် ထွက်ပေါ်လာခြင်းမရှိခဲ့ကြောင်း လီကပြောဆိုခဲ့သည်။
မကြာသေးမီလများအတွင်း စစ်မှုထမ်းဟောင်းများသည် နိုင်ငံအလယ်ပိုင်းရှိမြို့တစ်မြို့နှင့် နိုင်ငံတောင်ပိုင်း ကွမ်တုံခရိုင်တို့တွင် စုဝေးခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင်လည်း စစ်မှုထမ်းဟောင်းရာပေါင်းများစွာသည် ပေကျင်းရှိ ပြည်သူ့လွတ်မြောက်ရေးစစ်တပ်( ပီအယ်လ်အေ) ရုံးချုပ်ရှေ့တွင် ထိုင်သပိတ်ဆင်နွဲခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံ၌ စစ်မှုထမ်းဟောင်း ၅၇ သန်းခန့်ရှိနေကြောင်း ခန့်မှန်းမှုများရှိနေသည်။ စစ်မှုထမ်းဟောင်းများသည် မျိုးချစ်စိတ်ပြင်းထန်သူများဖြစ်ကာ ဆန္ဒပြမှုများအတွင်း အနီရောင်အလံများကို ကိုင်ဆောင်ခဲ့သည်။ ၎င်းတို့သည် ကွန်မြူနစ်ပါတီနှင့် ရှီတို့အပေါ် သစ္စာခံကြောင်း ပြောဆိုခဲ့ကာ အကျင့်ပျက်ဒေသဆိုင်ရာအရာရှိများကိုသာ မကျေနပ်ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
စစ်တပ်အင်အားကောင်းအောင် လုပ်ဆောင်ရန် ပိုမိုလိုအပ်လာပြီဖြစ်ပြီး တရုတ်နိုင်ငံ၏တစ်ချိန်က ကြီးမြတ်မှုများကို ပြန်လည်ဖော်ထုတ်ရန်အချိန်ကျပြီဖြစ်ကြောင်း ရှီက ပြောဆိုထားပြီးဖြစ်သည်။ သို့သော် စစ်တပ်ကို အဆင့်မြှင့်တင်နေချိန်တွင် နိုင်ငံအတွက် တစ်ချိန်က ပေးဆပ်ခဲ့ရပြီး ယခုအချိန်တွင် ရရစားစားဖြင့် နေထိုင်နေရသဖြင့် စစ်မှုထမ်းဟောင်းများ ပိုမိုမကျေမနပ်ဖြစ်နေကြခြင်းဖြစ်ကြောင်း ဒစ်ကင်ဆင်တက္ကသိုလ်မှ တရုတ်ရေးရာကျွမ်းကျင်သူ ပါမောက္ခ နီးလ်ဒီယာမတ်ကပြောဆိုခဲ့သည်။

















