တိုကျို ဇွန် ၂၇
လူမပါသည့် ဂျပန်အာကာသစူးစမ်းရေးယာဉ်တစ်စီးသည် ၃ နှစ်ခွဲကြာ ခရီးနှင်ပြီးနောက် ဇွန် ၂၇ ရက်၌ ဂြိုဟ်သိမ်တစ်ခုအနီးရောက်ရှိသွားကာ မြေပြင်သို့ ပြန်လည်သယ်ယူရန် ဂြိုဟ်သိမ်ပေါ်မှ နမူနာများကောက်ယူတော့မည်ဖြစ်သည်။
ဟာယာဘူဆာ ၂ အာကာသယာဉ်သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာသန်းပေါင်း ၂၈၀(မိုင် သန်း ၁၇၀)ခရီးနှင်ကာ ယင်းဂြိုဟ်သိမ်ဆီရောက်ရှိခဲ့ခြင်းဖြစ်သည်။ နောက်ထပ်တစ်နှစ်ခွဲကျော်ကြာလျင် ယင်းအာကာသယာဉ်သည် ဂြိုဟ်သိမ်ပေါ်မှ ကောက်ယူခဲ့သည့်နမူနာများကို ကမ္ဘာမြေသို့ ပြန်လည်ပို့ဆောင်နိုင်မည်ဆိုသည်။ ယင်းသို့ပြန်လည်ပို့ဆောင်နိုင်သည့် နမူနာများကို စူးစမ်းပြီး နေအဖွဲ့အစည်း၏မူလနှင့် ကမ္ဘာဂြိုဟ်၏သက်တမ်းအတွက် သဲလွန်စများ တွေ့ရှိနိုင်မည်ဖြစ်သည်။
အချင်း မီတာ ၉၀ဝ(ပေ ၃၀ဝ၀)ရှိ ရူဂူဂြိုဟ်သိမ်မျက်နှာပြင်ပေါ်တွင် အပူချိန်အလွန်မြင့်မားခြင်းကြောင့် သင့်တော်သည့်ဆင်းသက်ရန်နေရာရှာဖွေရန် ဂျပန်အာကာသယာဉ်သည် နှစ်လခန့်အချိန်ယူခဲ့ရသည်။
မီးတောင်ဝများ မြင်နေရသည့် ဂြိုဟ်မျက်နှာပြင်ပေါ် အာကာသယာဉ်ဆင်းသက်မှုကို စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင်ပြုလုပ်ရန် စီစဉ်ထားသည်။ ဂြိုဟ်သိမ်များသည် နေကိုပတ်သည့်လမ်းကြောင်းအတွင်း ရှိနေကြပြီး ၄င်းတို့သည် နေအဖွဲ့အစည်းအတွင်း သက်တမ်းအရင့်ဆုံးအရာဝတ္ထုများထဲ ပါဝင်သည်။ ၄င်းတိ်ု့က သမုဒ္ဒရာများဖွဲ့စည်းမှုနှင့် သက်ရှိတို့အစ အပါအဝင် ကမ္ဘာဂြိုဟ်မည်သို့ဖြစ်ပေါ်တိုးတက်ခဲ့ကြောင်း လေ့လာရာတွင် ထောက်ကူနိုင်မည်ဖြစ်သည်။
ဟာယာဘူဆာ ၂ ကို ၂၀၁၄ ဒီဇင်ဘာက ပစ်လွှတ်ခဲ့ပြီး ကမ္ဘာမြေသို့ ၂၀၂၀ အကုန်တွင် ပြန်ရောက်ရန် ခန့်မှန်းသည်။ ၂၀ဝ၃ မှ ၂၀၁၀ အတွင်းကလည်း ပိုမိုရှေးကျသည့် ဟာယာဘူဆာအာကာသယာဉ်သည် အခြားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများမှ နမူနာများကောက်ယူနိုင်ခဲ့သည်။ သို့သော် နည်းပညာအခက်အခဲများကြောင့် အာကာသယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရသည်။
အမေရိကန်မှ နာဆာအဖွဲ့သည်လည်း ဂြိုဟ်သိမ်များနှင့် ပတ်သက်သည့်ခရီးစဉ်များ ဆောင်ရွက်နေသည်။ နာဆာ၏ အိုဆီရစ္စရက်က်စ်အာကာသယာဉ်သည် ဘန်နျူဂြိုဟ်သိမ်သို့ ယခုနှစ်နှောင်းပိုင်းတွင် ရောက်ရှိပြီး နမူနာများနှင့်အတူ ၂၀၂၃ ၌ ပြန်လာရန် ခန့်မှန်းသည်။

















