မြောက်ကိုရီးယားရှိ ရထားလမ်းများကို အဆင့်မြှင့်တင်ပြီး တောင်ကိုရီးယားနှင့်ဆက်သွယ်နိုင်ရေး ကိုရီးယားနှစ်နိုင်ငံဆွေးနွေးခဲ့

မြောက်ကိုရီးယားရှိ ရထားလမ်းများကို အဆင့်မြှင့်တင်ပြီး တောင်ကိုရီးယားနှင့်ဆက်သွယ်နိုင်ရေး ကိုရီးယားနှစ်နိုင်ငံဆွေးနွေးခဲ့

ဆိုးလ် ဇွန် ၂၇
မြောက်ကိုရီးယားရှိ ခေတ်နောက်ကျနေသည့် ရထားလမ်းများကို အဆင့်မြှင့်တင်ပြီး တောင်ကိုရီးယားနှင့်ဆက်သွယ်ပေးနိုင်ရေးအတွက် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံရှိ ကိုယ်စားလှယ်များသည် ဇွန် ၂၆ ရက်တွင် နယ်စပ်ရှိ ပန်မွန်ဂျွန်ကျေးရွာ၌ ဆွေးနွေးခဲ့သည်။

သို့သော် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာပိတ်ဆို့မှုများကို ရုပ်သိမ်းမှသာ ကိုရီးယားနှစ်နိုင်ငံသည် ရထားလမ်းချင်းချိတ်ဆက်နိုင်မည်ဖြစ်သည်။ ဧပြီ ၂၇ ရက် ထိပ်သီးတွေ့ဆုံပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတမွန်းဂျေအင်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေးကိုသာမက တောင်ကိုရီးယားနှင့်ချိတ်ဆက်နိုင်ရေးအတွက် မြောက်ကိုရီးယားရှိ ရထားလမ်းနှင့်ကားလမ်းများကို အဆင်မြှင့်တင်ရေးကိုပါ ဆွေးနွေးခဲ့သည်။
    သယ်ယူပို့ဆောင်ရေးစနစ်ကောင်းမွန်လာပါက မြောက်ကိုရီးယား၏ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် တိုးတက်မှုရှိလာမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိများကပြောဆိုခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားရှိ ရထားစနစ်ပိုမိုကောင်းမွန်လာပါက တောင်ကိုရီးယားသည် တရုတ်နှင့် ရုရှားသို့ ကုန်ပစ္စည်းများပို့ဆောင်ရာတွင်နှင့်  တရုတ်နှင့် ရုရှားမှ ကုန်ပစ္စည်းများပို့ဆောင်ရာတွင် ပိုမိုအကုန်အကျနည်းလာမည်ဖြစ်သည်။
    သို့သော် ၂၀ ရာစုပေါင်းတွင် ဖောက်လုပ်ခဲ့သည့် မြောက်ကိုရီးယားရထားလမ်းများကို အဆင့်မြှင့်တင်ရာတွင် ဆယ်စုနှစ်များစွာ လူအင်အားများစွာအသုံးပြုရမည်ဖြစ်ပြီး ဒေါ်လာဘီလျံပေါင်းများစွာလည်း ကုန်ကျမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ ထို့ပြင် မြောက်ကိုရီးယားက နျူလက်နက်ဖျက်သိမ်းခြင်းမပြုပါကလည်း ယင်းစီမံကိန်းများကို အကောင်အထည်ဖော်ရန် လုံးဝဖြစ်နိုင်မည်မဟုတ်ချေ။
    တောင်ကိုရီးယားမြို့တော် ဆိုးလ်နှင့် တရုတ်နယ်စပ်နားရှိ မြောက်ကိုရီးယားမြို့ ဆီနျူဂျူးတို့ကြားရှိ ရထားနှင့်ကားလမ်းများကို အဆင့်မြှင့်တင်နိုင်ရေး လက်တွေ့လုပ်ဆောင်မည်ဖြစ်ကြောင်း ကင်နှင့်မွန်းတို့ကပြောဆိုခဲ့သည်။ ဂျပန်သည် ဆိုးလ်နှင့် ဆီနျူဂျူးတို့ကြား အရှည် ၄၉၉ ကီလိုမီတာ ( မိုင် ၃၁၀ ) ရှိသော ရထားလမ်းကို ၁၉၀၆ ခုနှစ်တွင် အပြီးသတ်ဖောက်လုပ်ခဲ့သည်။ ဂျပန်သည် ၁၉၁၀ ပြည့်နှစ်တွင် ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်နိ်ုင်ခဲ့သည်။