မလေးရှားဝန်ကြီးချုပ်ဟောင်း ရာဂျစ်နာဇက်နေအိမ်မှ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့် ငွေသား၊ လက်ဝတ်ရတနာနှင့် နာရီများ၊ တန်ဘိုးကြီးလက်ကိုင်အိတ်များတန်ဘိုးသည် စုစုပေါင်း ဒေါ်လာ ၂၇၃ သန်း တန်ဘိုးရှိကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဇွန် ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။
ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး မလေးရှားသမိုင်းတွင် အများဆုံး သိမ်းဆည်းမှုဖြစ်ကြောင်း စီးပွားရေးရာဇဝတ်မှုစုံစမ်းရေးအကြီးအကဲ အမာဆင်းက ပြောဆိုခဲ့သည်။ လက်ဝတ်ရတနာ ၁၂၀ဝ၀၊ လက်ကိုင်အိတ် ၅၆၇ အိတ်၊ နာရီ ၄၂၃ လုံး၊ နေကာမျက်မှန် ၂၃၄ လက်၊ လက်စွပ် ၂၂၀ဝ၊ လည်ဆွဲ ၁၄၀ဝ၊ နားဆွဲအစုံ ၂၈၀ဝ၊ ရင်ထိုး ၁၆၀ဝနှင့် သရဖူ ၁၄ ခု ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံပိုင် 1MDB ရန်ပုံငွေနှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် စွပ်စွဲခံခဲ့ရသူနာဂျစ်သည် မေ ၉ ရက် ရွေးကောက်ပွဲတွင် အရေးနိမ်ခဲ့သည်။ အမှားအယွင်းမလုပ်ခဲ့ဟု ငြင်းဆိုထားသူ နာဂျစ်နှင့်ဇနီးတို့သည် တိုင်းပြည်မှထွက်ခွာခွင့် ပိတ်ပင်ခံထားရသည်။
















