ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင်အငှားယာဉ်မောင်းတစ်ဦးကို သတ်ကာ ယာဉ်ကိုလုယူခဲ့သည်ဆိုသူ ၃ဦးကို သက်ဆိုင်ရာကဖမ်းဆီးခဲ့ပြီး အမှုဖြင့်တိမ်းရှောင်ခဲ့ ၁ဦးကို ဆက်လက်စုံစမ်းနေလျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဇွန် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ဇရပ်ကွင်းကျေးရွာအုပ်စု ၊ ဆူးပဒေါင်း ကွင်းရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦးအားတွေ့ရှိကြောင်းသတင်းအရ ကျောင်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးရာ ကားလမ်း ဘေးချောက်ထဲတွင် အသက်(၃၅)နှစ်ခန့်၊ အမည်မသိ အမျိုးသားတစ်ဦးမှာ ဝဲလည်ပင်းထိုး သွင်းဒဏ်ရာ၊ ယာလည်ပင်း ပြတ်ရှဒဏ်ရာတို့ဖြင့်သေဆုံးနေသည်ကို တွေ့ရှိရ၍ ကျောင်းကုန်းမြို့မ ရဲစခန်း(ပ)၆၈/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
စုံစမ်းခဲ့ရာ သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည် သာ မြို့နယ်နေအငှားယာဉ်မောင်း အေးမင်းဦးဆိုသူဖြစ်ကြောင်း သိရပြီး အခင်းဖြစ်ပွားသည့်မတ် ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် သေဆုံးသူမောင်းနှင်သည့် အငှားယာဉ်ကိုချောင်းသာသို့ လူတစ်ဦးဖုန်းဆက် ငှားရမ်းခဲ့ကြောင်း သိရှိမှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက စုံစမ်းသိရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှုခင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းခဲ့ရာသေဆုံးသူမောင်းနှင်သည့် အငှားယာဉ်ကို ငှားရမ်းခဲ့သူမှာ အင်းစိန်မြို့နယ်၊မြို့သစ်(ဂ)ရပ်ကွက်၊ပိတောက်(၄)လမ်းနေထွန်းဇော်မျိုး(ခ)ထက်အောင်(၂၃)နှစ်ဖြစ်ကြောင်းစုံစမ်းသိရသဖြင့်၄င်းကို ဇွန် ၂၄ ရက်နေ့တွင် နေအိမ်မှဖမ်းဆီးခဲ့ပြီး ၄င်း၏ နေအိမ်မှာသေဆုံးသူကိုင်ဆောင်အသုံးပြုသည့် လက်ကိုင်ဖုန်းကို ဆက်လက်သိမ်းဆည်းခဲ့သည်။
ဖမ်းဆီးရမိသူ ထွန်းဇော်မျိုး(ခ)ထက်အောင် ကို ဆက်လက်စစ်ဆေးခဲ့ရာအခင်းဖြစ်ချိန်က ၎င်းနှင့် အတူရွှေပြည်သာမြို့နယ်၊အမှတ်(၂၀) ရပ်ကွက်၊ပုသိမ်(၃)လမ်းနေ အောင်အောင်(ခ) တင်မိုး အောင် (၃၈)နှစ်၊မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် နေ ဆံရှည်(ခ) ဝင်းကျော်သူ(၃၆)နှစ်နှင့် လိူင်သာ ယာမြို့နယ်၊ အဆင့်မြင့်(၅)ရပ်ကွက်နေအောင်ကျော်ဟိန်း (ခ)မှန်ကြီးတို့ကို ဇွန် ၂၅ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ၄င်း၏ နေအိမ်အသီးသီးမှ ဆက်လက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူ(၃)ဦးကို ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့သည်အဌားယာဉ်အား လုယက်ရန်တိုင်ပင်ခဲ့ပြီး လုယူရရှိ သည့် အငှားယာဉ်ကို ဆံရှည်(ခ)ဝင်းကျော်မှဝယ်ယူမည်ဖြစ်ကြောင်း တိုင်ပင်ခဲ့သည်။
ထို့နောက်ထွန်းဇော်မျိုး(ခ)ထက်အောင်၊အောင်အောင်(ခ)တင်မိုးအောင်၊အောင်ကျော်ဟိန်း(ခ)မှန်ကြီး တို့မှ ၎င်းတို့(၂)ကြိမ်ခန့် ငှားရမ်းဖူးသည့် အငှားယာဉ်အမှတ်DD/----- ပရိုဘောက်ယာဉ် အား မတ် ၁၇ ရက်နေ့ ည ၇နာရီအချိန်တွင်ချောင်းသာသို့သွားရန် ဆက်သွယ်ငှားရမ်းခဲ့သည်။
ယာဉ်မောင်းဘေးတွင်ထွန်းဇော်မျိုး (ခ)ထက်အောင် လိုက်ပါ၍ နောက်ခန်းတွင်အောင်အောင်(ခ) တင်မိုးအောင်နှင့်အောင်ကျော်ဟိန်း(ခ)မှန်ကြီးတို့လိုက်ပါခဲ့ကြပြီးကျောင်းကုန်းမြို့နယ်၊ ဆူးပဒေါင်း ကွင်းရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းဘေးအရောက်တွင် အောင်ကျော်ဟိန်း (ခ)မှန်ကြီး မှ အပေါ့သွား ချင်ကြောင်းပြော၍ ကားရပ်စဉ် ထွန်းဇော်မျိုး(ခ)ထက်အောင်မှ ယာဉ်မောင်းအားဓားဖြင့် ထောက်ပြီး အောင်အောင်(ခ)တင်မိုးအောင်က ဂစ်တာကြိုးဖြင့်လည်ပင်းအား ဆွဲညစ်ကာဓားဖြင့် လည်ပင်းကိုလှီးဖြတ်ပြီးနောက်လမ်းဘေးချောက်ထဲသို့ ၎င်းတို့(၃)ဦးမှ ယာဉ်မောင်းကိုတွန်းချခဲ့ကြ ကြောင်း၊ယာဉ်မောင်း၏ HUAWEI ဖုန်းနှင့် ခလုတ်ဖုန်းတို့အား ယူဆောင်ခဲ့ပြီးနောက်၎င်းယာဉ်ကို ထွန်းဇော်မျိုး(ခ) ထက်အောင်မှ လှိုင်သာယာမြို့နယ်ဘက်သို့ပြန်လည်မောင်းနှင်ခဲ့ကြောင်း လှိုင်သာ ယာ မြို့နယ်သို့ အရောက် ယခင်ကချိတ်ဆက်ထားသော ဆံရှည်(ခ)ဝင်းကျော်သူ ထံသို့ ငွေကျပ် (၇၅၀ဝ၀ဝ) ဖြင့် ရောင်းချခဲ့ပြီး ၎င်းတို့သုံးဦး ခွဲဝေယူခဲ့ကြကြောင်းပေါ်ပေါက်ခဲ့သည်။
၄င်းတို့ ပြစ်မှုကျူးလွန်ခဲ့ပြီး ရောင်းချခဲ့သည့် အငှားယာဉ်ကိုတောင်ကြီးမြို့မှပြန်လည်သိမ်းဆည်း နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန် သူထွန်းဇော်မျိုး(ခ)ထက်အောင်၊ အောင်အောင်(ခ)တင်မိုးအောင် နှင့် ဆံရှည်(ခ)ဝင်းကျော်သူ တို့အား သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးအပ်ရန်စီစဉ်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကျော် ဟိန်း(ခ) မှန်ကြီးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

















