လက်ကိုင်ဖုန်းလုယူမှုများကျူးလွန်ခဲ့သည့် ဆိုသူ ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ဇွန် ၂၈ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြို့နယ်များအတွင်း လက်ကိုင်ဖုန်းလုယက်မှုများကျူးလွန်ထားကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များသည် အမှုဖြင့်မသင်္ကာသူသန်လျင်မြို့နယ်နေသူများဖြစ်သည့် ခိုင်လင်းဇော်(ခ) ကျူးကျော်၊ (၂၀) နှစ်၊ သူရိန်လင်း(ခ)သူရိန်၊ (၂၀) နှစ်နှင့် ဇော်မင်း၊ (၂၁) နှစ်တို့ (၃)ဦး ဇွန်၂၀ရက် ည ၈ နာရီအချိန်တွင်သန်လျင်မြို့နယ်၊ တာဝကျေးရွာ၊ ကညင် ပင် လမ်းမပေါ်တွင် Samsung Galaxy j7 Prime ဖုန်းတစ်လုံး နှင့်အတူ တွေ့ ရှိ ဖမ်းဆီးခဲ့သည်။
၄င်းတို့ ၃ ဦး ကိုစစ်ဆေးခဲ့ရာ အဆိုပါဖုန်းကို ည ၉ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၀/ တောင် ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းပေါ်တွင် စက်ဘီးစီးပြီး ဖုန်းပြောနေသူအသက် (၂၀) နှစ်ခန့်ရှိ အမျိုးသားထံမှ လုယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် သာကေတမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခဲ့သည်။
ခိုင်လင်းဇော်(ခ)ကျူးကျော်ပါ (၃)ဦးတို့ကို အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ မရှိ တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းတို့သည် ယခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများအတွင်း ညအချိန်တွင် သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်တွင် စက်ဘီးစီးနေသူ အမျိုးသား၊ အမျိုးသမီးများထံ မှ Vivo လက်ကိုင်ဖုန်း၊City Call လက်ကိုင်ဖုန်း၊ Mi လက်ကိုင်ဖုန်း (၂)လုံးတို့အား လည်းကောင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ ဦးညွန့်လမ်း(ခ) ချစ်သူလမ်းနှင့် (၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်းမပေါ်တို့တွင် စက်ဘီးစီးနေသူ အမျိုးသားများထံမှ MAI လက်ကိုင်ဖုန်း၊ Honor လက်ကိုင်ဖုန်း၊ Samsung လက်ကိုင်ဖုန်း၊ Aovo လက်ကိုင်ဖုန်း၊ Mi လက် ကိုင်ဖုန်း (၂)လုံးတို့ကို အသီးသီးလုယက်ယူခဲ့ ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။
၄င်းတို့ လုယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချပေါင်နှံထားည့်နေရာများမှသိမ်းဆည်းခဲ့ပြီး သာကေတမြို့မရဲစခန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းတိုတွင် အသီးသီးအမှုဖွင့်လှစ်အရေးယူ ထားပြီး လက်ကိုင်ဖုန်းပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်ရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















