အက်ပဲနှင့် ဆမ်ဆောင်းတို့၏ ခုနစ်နှစ်ကြာ မူပိုင်ခွင့်ဆိုင်ရာတရားဆိုင်မှု ပြီးဆုံး

အက်ပဲနှင့် ဆမ်ဆောင်းတို့၏ ခုနစ်နှစ်ကြာ မူပိုင်ခွင့်ဆိုင်ရာတရားဆိုင်မှု ပြီးဆုံး

စမတ်ဖုန်းများ၏ဒီဇိုင်းနှင့်ပတ်သက်၍ အမေရိကန်နည်းပညာကုမ္ပဏီ အက်ပဲနှင့် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းတို့၏ ခုနစ်နှစ်ကြာ တရားရေးအရ ရင်ဆိုင်မှုသည် ဇွန် ၂၇ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။

သဘောတူညီမှုအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးချေ။ ဆမ်ဆောင်းသည် အိုင်ဖုန်းမျက်နှာပြင်ရှိ အိုင်ကွန်းများဖွဲ့စည်းပုံကိုအတုခိုးခဲ့သည့်အတွက် အက်ပဲအား နစ်နာကြေးအဖြစ် ဒေါ်လာ ၅၃၉ သန်းပေးအပ်ရန် အမေရိကန်တရားသူကြီးတစ်ဦးက ဆုံးဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီကြီးနှစ်ခုကြား တရားဆိုင်မှုသည် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ အက်ပဲသည် ဆမ်ဆောင်းကိုတရားစွဲပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၂ ဘီလီယံကျော်လိုချင်ကြောင်း တောင်းဆိုခဲ့သည်။

အက်ပဲနှင့်ဆမ်ဆောင်းတို့သည် ကမ္ဘာတစ်ဝန်းရှိ တရားရုံးများတွင် တရားရင်ဆိုင်နေသည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်တရားသူကြီးတစ်ဦးက ဆမ်ဆောင်းသည် အက်ပဲအား နစ်နာကြေးအဖြစ် ဒေါ်လာ ၁ ဒသမ ဝ၅ ဘီလီယံပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆမ်ဆောင်းက ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး တရားလွှတ်တော်ချုပ်အား ဆုံးဖြတ်ပေးရန် လျှောက်ထားခဲ့သည်။ ဖုန်းဒီဇိုင်းပုံစံတချို့ကိုသာ ကူးချခဲ့သောကြောင့် နစ်နာကြေးများလွန်းနေကြောင်း ဆမ်ဆောင်းကပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ဆမ်ဆောင်း၏ပြောဆိုမှုကို ထောက်ခံပြီး နစ်နာကြေးလျှော့ပေါ့ရန်ကိစ္စကို ဆုံးဖြတ်ရန် အောက်ရုံးကို ညွှန်ကြားခဲ့သည်။

မေတွင် ထပ်မံကြားနာစစ်ဆေးခဲ့သည်။ တရားသူကြီးက ဒေါ်လာ ၅၃၉ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဆမ်ဆောင်း ရှုံးနိမ့်ခဲ့ပြန်သည်။ နစ်နာကြေးအဖြစ် ဒေါ်လာ ၂၈ သန်းသာပေးအပ်ရန်ရှိနေကြောင်း ဆမ်ဆောင်းကပြောဆိုခဲ့သည်။ ယခုအမှုသည် ငွေကြေးရလိုမှုထက်ပိုကြောင်း၊အက်ပဲရှိ လူများစွာတို့၏အလုပ်ကြိုးစားလုပ်ကိုင်မှုနှင့် တီထွင်ဖန်တီးမှုတို့အတွက် အရေးပါကြောင်း အက်ပဲကထုတ်ပြန်ခဲ့သည်။