စင်ကာပူ ထိပ်သီးဆွေးနွေးပွဲရဲ့ မရေရာတဲ့အမွေအနှစ်

စင်ကာပူ ထိပ်သီးဆွေးနွေးပွဲရဲ့ မရေရာတဲ့အမွေအနှစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ နျူကလီးယားပြဿနာကို ဖြေရှင်းခဲ့တဲ့ တကယ့်ကြီးမားတဲ့ အောင်မြင်မှုလို့ သမ္မတထရမ့်က ဖော်ပြပြောဆိုခဲ့တာကြောင့် ကင်ဂျုံအန်းကို ဖိအားပေးဖို့ လိုအပ်တဲ့ စီးပွားရေး အရေးယူမှုတွေကို နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ ထိန်းသိမ်းဖို့ အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်။

တစ်ဦးတစ်ယောက်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ အလားအလာကို အားနည်းဖို့ ပြုလုပ်တာဟာ အားကောင်းတဲ့ ညှိနှိုင်းသူ တစ်ယောက်ရဲ့ သင်္ကေတမဟုတ်ဘူး။ စင်ကာပူနိုင်ငံမှာ တိုတောင်းတဲ့ ထိပ်သီးညီလာခံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ သမ္မတထရမ့်ဟာ မြူးထူးစွာပြန်လာခဲ့ပြီး သူ သမ္မတဖြစ်လာတဲ့နေ့ရဲ့ နောက်ပိုင်းမှာ လူတိုင်း ဘေးအန္တရာယ်ပိုကင်းပြီး မြောက်ကိုရီးယားက နျူကလီးယားခြိမ်းခြောက်မှု မရှိတော့ကြောင်းကို တွစ်တာကတစ်ဆင့် ရေးသားခဲ့တယ်။ ဒီပြဿနာကို ဖြေရှင်းခဲ့တယ်လို့ နောက်ပိုင်းမှာ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့တယ်။ ဒီကိစ္စမှာ မြှုပ်ကွက်ကလေးတစ်ခုပဲရှိတယ်။ ဘာလဲဆိုရင် ထရမ့်ပြောခဲ့တာတွေက မမှန်ဘူး။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုဟာ ဒီအတိုင်း လျော့မသွားဘဲ ရှိနေတုန်းပဲ။ ခေါင်းဆောင်နှစ်ယောက်ရဲ့ပူးတွဲထုတ်ပြန်ချက်ဟာလည်း တိုတောင်းသလို စာလုံးရေ ၃၉၁ လုံးသာရှိပြီး မတိမကျဝိုးတဝါးဖြစ်တယ်။ ထုတ်ပြန်ချက်ကတော့ ပြီးမြောက်အောင်မြင်တာတွေထက် ပြင်းပြတဲ့ဆန္ဒတွေက များနေတယ်။ ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယား ကင်းမဲ့ရေးအတွက် လုပ်ဆောင်မယ်လို့သာ ပြောဆိုခဲ့တယ်။ နျူကင်းမဲ့ခြင်းကြောင့် ဘာတွေဖြစ်လာမလဲ။ အကောင်အထည်ဖော်ဖို့ သတ်မှတ်ကာလ၊ သို့မဟုတ်လုပ်ရပ်တွေမှန်ကန်ကြောင်း အတည်ပြုဖို့ ညွှန်းဆိုချက်တွေ ပါဝင်ခြင်းမရှိဘူး။ ပဲ့ထိန်းစနစ်ရှိတဲ့ ဒုံးတွေအပါအဝင် နျူကလီးယား လက်နက်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြောဆိုခြင်းမရှိခဲ့ဘူး။ အခုအချိန်အထိတော့ ထရမ့်က လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့ပြီး ကင်ဂျုံအန်းနဲ့ မတွေ့ဆုံမီ တစ်လအလိုမှာ စွန့်လွှတ်ခဲ့တဲ့ အီရန် နျူကလီးယားသဘောတူညီမှုနဲ့ နှိုင်းစာရင် မြောက်ကိုရီးယားနဲ့ သဘောတူညီချက်ဟာ မသင့်လျော်ဘူးလို့ ဆိုရမယ်။

ဒါတွေကြောင့် စင်ကာပူ ထိပ်သီးညီလာခံဟာ ဘာမှတန်ဖိုးမရှိဘူးလို့ မဆိုလိုဘူး။ ဘာပဲပြောပြော အခုအချိန်ထိတော့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် ပိုကောင်းလာတယ်လို့ ဆိုရမယ်။ အဲဒီအချိန်တုန်းက မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့တာကြောင့် ကျွန်တော်အပါအဝင် လေ့လာသူတွေဟာ ဒီနှစ်နိုင်ငံဟာ ငြိမ်းချမ်းရေးထက် စစ်ဖြစ်မယ့် အခွင့်အလမ်းတွေကို ခန့်မှန်းတွက်ချက်ပြီး အလုပ်တွေ များခဲ့ကြတယ်။ အခု ရှေ့ကိုဆက်ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် စင်ကာပူ ထိပ်သီးညီလာခံ ထုတ်ပြန်ချက်မှာမပါတဲ့ သက်ဆိုင်တဲ့ကိစ္စ အတော်များများနဲ့ အသေးစိတ်အချက်အလက်တွေအပေါ် ကန်နဲ့ မြောက်ကိုရီးယားတို့ သဘောတူညီမှုရနိုင်ဖို့ အကြောင်းရှိတယ်။

ဒီဖြစ်နိုင်ခြေကို သဘာဝကျကျ လက်တွေ့ဖြစ်လာအောင်လုပ်ဖို့ဆိုတာ ခက်ခဲမှာဖြစ်တယ်။ ကန်အနေနဲ့ ညီတူညီမျှသဘောနဲ့ အလေးအနက် လိုလိုလားလား ဆက်ဆံတာကိုကြည့်ရင် မြောက်ကိုရီးယားအနေနဲ့ လက်နက် အမျိုးမျိုးတို့ကို စွန့်လွှတ်ဖို့ဆိုတာသံသယဖြစ်စရာ အကြောင်းတွေ အများကြီးရှိတယ်။ ဒါ့ပြင် နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ခဲ့တဲ့ ယူကရိန်းရဲ့ အတွေ့အကြုံကတော့ ရုရှားက ကရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူတဲ့အခါ ကမ္ဘာက လက်ပိုက်ကြည့်ခဲ့တာ မြင်တွေ့ရတာကို ကင်ဂျုံအန်းက ဒီအတိုင်းလိုက်လုပ်ဖို့ အကြောင်းမမြင်ဘူး။ လစ်ဗျားက ကာနယ် မိုမာကဒါဖီရဲ့ ကံကြမ္မာကလည်း ဒီအတိုင်းဖြစ်သွားခဲ့တယ်။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ သိပ်ရောနှောဆက်ဆံခြင်းမရှိဘဲ သိုဝှက်တဲ့နိုင်ငံလို့ဆိုရမယ့် မြောက်ကိုရီးယားဟာ နောင်အနာဂတ် သဘောတူညီချက်မှာ ပါနိုင်တဲ့ မှန်ကန်ကြောင်း အတည်ပြုမှုတွေအတွက် ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတဲ့အပေါ်မှာလည်း သံသယဖြစ်ဖို့ အကြောင်းရှိတယ်။ ကင်ဂျုံအန်းကို ခြိမ်းခြောက်မှုတွေ၊ မြှောက်ပင့်မှုတွေ၊ ဖိအားပေးမှုတို့နဲ့ ဆွဲဆောင်နိုင်တာအပြင် ကတိတွေနဲ့လည်း ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထရမ့်က ထင်နေပုံရတယ်။ အခြေခံအားဖြင့် ကင်ဂျုံအန်းဟာ ပြောင်းလဲခဲ့ရင် သူဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာနိုင်တယ်လို့ အိမ်ဖြူတော်က ထုတ်လိုက်တဲ့ လေးမိနစ်ကြာ ဗီဒီယိုမှာပြထားတယ်။ အမေရိကန်ရဲ့ တောင်းဆိုချက်တွေကိုသာ လက်ခံခဲ့ရင် မြောက်ကိုရီးယားဟာ စီးပွားရေးအရ အကျိုးအမြတ်ရနိုင်ကြောင်းကို ဗီဒီယိုက အကျယ်တဝင့်ဖော်ပြထားတယ်။ အိမ်၊ မြေရောင်းတဲ့ လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းအတွက် နေရာအလားအလာလည်း မြောက်ကိုရီးယားအနေနဲ့ ရှိတယ်လို့ ထရမ့်ကတောင် ပြောဆိုခဲ့တယ်။ မျိုးဆက်သုံးဆက်အထိ မြောက်ကိုရီးယားကို တင်းကျပ်စွာ အုပ်ချုပ်လာတဲ့ မိသားစုအတွက် ဒီလိုအနာဂတ်မျိုးဟာ အလားအလာရှိတာထက် ကြီးမားတဲ့အန္တရာယ် ရှိနိုင်တယ်ဆိုတာကို ထရမ့် သဘောပေါက်ပုံမရဘူး။ အနောက်နိုင်ငံက လုပ်ငန်းရှင်တွေပေးဝင်တဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့ အတွေးအခေါ်တွေ ထိုးဖောက်ဝင်ရောက်လာမှာဖြစ်ကာ လူထုအုံကြွမှုက နောက်ကလိုက်လာနိုင်တယ်။ ထရမ့်က ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတွေရဲ့ အရေးပါမှုကို အလေးထားကာ ထရမ့်အပြောအရ နာရီပိုင်းအတွင်းမှာပင် ကင်ဂျုံအန်းနဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဦးလေးနဲ့ အစ်ကိုတစ်ယောက်အပါအဝင် ရန်သူတွေလို့ထင်ထားတဲ့ လူတွေကိုသတ်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်အပေါ် ယုံကြည်မှုရှိတဲ့အကြောင်း တစ်ကြိမ်မက ထရမ့်က ပြောဆိုခဲ့တယ်။ ဒါတွေအားလုံးဟာ သမ္မတဟောင်း ရော်နယ် ရေဂင်ရဲ့ဆိုရိုးဖြစ်တဲ့"ယုံကြည်ပါ။ ဒါပေမဲ့ မှန်ကန်ကြောင်း အတည်ပြုပါ"ကို "မှန်ကန်ကြောင်း အတည်မပြုဘဲ ယုံလိုက်ပါ"လို့ ပြောင်းပြန်ဆိုလိုက်သလိုဖြစ်နေတယ်။ အဆင်သင့်ဖြစ်ဖို့နဲ့ ခြိမ်းခြောက် အဟန့်အတားကို မြှင့်တင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို 'ရန်လိုတဲ့ စစ်ရေးကစားမှုတွေ'လို့ထရမ့်ကပြောကာ ဒါတွေကို မကျင်းပတော့ဘူးလို့ တစ်ဖက်သတ်ကြေညာခဲ့တာဟာလည်း ထရမ့်အတွက် ထောက်ခံမှုမရခဲ့ဘူး။ ဒီလိုလုပ်လိုက်တဲ့အတွက် ကန်ရဲ့ မဟာမိတ်တချို့တို့ကို စိုးရိမ်သွားရုံတင်မကဘူး မြောက်ကိုရီးယားနဲ့ တစ်ခုခု အလဲအလှယ်ရနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်တယ်။ ဒီအကြောင်းတွေကြောင့် ကန်က မကြာမီဖြစ်ရမယ်လို့ပြောတဲ့ မြောက်ကိုရီးယားရဲ့လုံးဝအတည်မပြုနိုင်တဲ့ နျူကလီးယားကင်းစင်မှုဖြစ်လာရေးအတွက် နောင်လာမယ့်ညှိနှိုင်းဆွေးနွေးမှုတွေဟာ မအောင်မြင်ဖို့ အန္တရာယ်ကတော့ ရှိနေတယ်။ ဒါမျိုးဖြစ်လာရင် အယုံအကြည်မဲ့အောင် လုပ်တယ်လို့ထရမ့်က ကင်ဂျုံအန်းကို စွပ်စွဲလာနိုင်တယ်။

ဒါဆိုရင် ကန်အနေနဲ့ ရွေးပိုင်ခွင့်သုံးခုရှိတယ်။ လုံးဝ နျူကလီးယား ကင်းမဲ့တာထက်လျော့တာကို လက်ခံနိုင်တယ်။ ဒီအဖြစ်မျိုးကိုတော့ လက်မခံဘူးလို့ ထရမ့်နဲ့ သူ့ထိပ်တန်းအရာရှိတွေက ပြောထားတယ်။ ပိုပြီးတင်းကျပ်တဲ့ အရေးယူမှုတွေကို လုပ်လိုက်ရင်လည်း တရုတ်နဲ့ ရုရှားတို့က မပါဖို့များတယ်။ ဒါမှမဟုတ်ရင်လည်း စစ်အင်အားနဲ့ ခြိမ်းခြောက်တာကို ပြန်လည်အသက်သွင်းနိုင်တယ်။ ဒါကို အထူးသဖြင့် တောင်ကိုရီးယားက ခုခံမှာဖြစ်တယ်။ သံတမန်ရေးရာနည်းနဲ့ မအောင်မြင်ဘူးလို့ ထရမ့်က အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်ရင် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်တယ်။ ဒီလမ်းကို John Bolton က အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ မဖြစ်ခင်ကလေးမှာ အကြံပြုခဲ့တယ်။ ဒီနည်းဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲက ရရှိလာမယ့် ထရမ့်ရဲ့အမွေလို့ ရည်ရွယ်နိုင်စရာမဟုတ်နိုင်ပေမဲ့ထရမ့် တွစ်တာပေါ်မှာ ရေးသားခဲ့တဲ့ အကောင်းမြင် ယုံကြည်စရာစကားတွေထက် စစ်ရေးအရ အရေးယူမှုက ဖြစ်နိုင်ခြေရှိတဲ့ အနေအထားမှာ ဆက်ပြီးရှိနေတယ်။

(ဤဆောင်းပါးသည် နိုင်ငံခြားဆက်ဆံရေးကောင်စီဥက္ကဋ္ဌ Richard N.Haass ၏အာဘော်သာဖြစ်သည်။ ၂၀ဝ၁”၂၀ဝ၃ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Policy Planning  မှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ မြောက်ပိုင်း အိုင်ယာလန်နိုင်ငံအတွက် သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ်၏ အထူးသံတမန်နှင့် အာဖဂန်နစ္စတန် အနာဂတ်အတွက် ညှိနှိုင်းဆောင်ရွက်သူအဖြစ် တာဝန်ယူခဲ့သည်။)