ဂျာမန်ကားထုတ်လုပ်သူ ဗောက်စ်ဝက်ဂွန်သည် ရဝမ်ဒါနိုင်ငံအတွက် ပထမဆုံးကားစက်ရုံကို ဇွန် ၂၇ ရက်က မြို့တော် ကီဂါလီတွင် ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့အာဖရိကမှ ရဝမ်ဒါအဖို့ အာရှမှတစ်ပတ်ရစ်ကားများ တင်သွင်းအသုံးပြုနေမှုကို ဖြတ်တောက်ပစ်မည့် မှတ်တိုင်တစ်ခုဖြစ်သည်။
အာဖရိကသည် တစ်ပတ်ရစ်ပစ္စည်းများ စုပုံနေသည့်နေရာ မဖြစ်စေရတော့ဟု ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီက ပြောသည်။ အာဖရိကဝယ်ယူစားသုံးသူများသည် လာမည့်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားတွင် ကြီးမားစွာ ပါဝင်လာလိမ့်မည်ဟုလည်းဆိုသည်။ လူဦးရေ ၁၂ သန်းရှိသည့် ရဝမ်ဒါတွင် လွန်ခဲ့သည့်နှစ်က ကားစီးရေ ၃၀ဝ၀ဝ၀ မှတ်ပုံတင်ခဲ့ပြီး အများစုမှာ ဂျပန်မှ တင်သွင်းသည့် အသုံးပြုပြီး တစ်ပတ်ရစ်ကားများဖြစ်သည်။
ရဝမ်ဒါနှင့် လုံခြုံရေးနှင့်စီးပွားရေးတည်ငြိမ်မှုကြောင့် ရဝမ်ဒါတွင် စက်ရုံတည်ခြင်းဖြစ်ကြောင်း တောင်အာဖရိက ဗောက်စ်ဝက်ဂွန်စီအီးအို သောမတ်စ်ရှေဖားက ပြောသည်။ ပထမဆင့်ရင်းနှီးမြှပ်နှံမှုက လူ ၁၀ဝ၀ ခန့် အလုပ်ပေးနိုင်ရန် မျှော်လင့်ရပြီး ရဝမ်ဒါသည် ငယ်ရွယ်ခေတ်မီသည့် ဒစ်ဂျစ်တယ်နိုင်ငံဖြစ်သည်နှင့်အညီ အတွင်းပိုင်းဆက်သွယ်မှု ကောင်းမွန်ကြောင်းလည်း ဆိုသည်။
ရဝမ်ဒါတွင် တပ်ဆင်ထုတ်လုပ်မည့်ကားမော်ဒယ်များသည် လေထုညစ်ညမ်းမှု ပိုမိုနည်းပါးစေမည့်မော်ဒယ်များဖြစ်ပြီး ဗောက်စ်ဝက်ဂွန်သည် ဒေသခံဆော့ဖ်ဝဲကုမ္ပဏီတစ်ခုနှင့်လည်း ပူးပေါင်းကာ မိုဘိုင်းဖုန်းမှတစ်ဆင့် ကားအငှားဝန်ဆောင်မှု ပေးသည့်လုပ်ငန်းကိုလည်း လုပ်ကိုင်သွားမည်ဖြစ်သည်။
နာမည်ကျော် အူဘားကဲ့သို့ အွန်လိုင်းကားအငှားလုပ်ငန်းများမှာ ရဝမ်ဒါသို့ မထိုးဖောက်နိုင်သေးပေ။ အများသယ်ယူပို့ဆောင်ရေးအတွက် မီနီဘတ်စ်များ အသုံးများနေဆဲဖြစ်သော်လည်း ခရီးသည်များမှာ ကားစီးရန် နာရီပေါင်းများစွာ စောင့်ဆိုင်းရလေ့ရှိသည်။

















