ဆိုးလ် ” မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်အရေး တင်းမာနေသော အခြေအနေကို ဖြေရှင်းရန် နိုင်ငံတကာက ကြိုးပမ်းနေစဉ် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့က ရင်ကြားစေ့ရေးကို ဆက်လက် ညှိနှိုင်းလျက်ရှိသည်။
ထိုသို့ ညှိနှိုင်းနေစဉ် မြောက်ကိုရီးယားနိုင်ငံ၏ ခေတ်မမီတော့သည့် မီးရထားသံလမ်းများကို ပူးတွဲပြုပြင်မွမ်းမံရန် တောင်ကိုရီးယားနိုင်ငံက သဘောတူညီခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုများတွင် ပြန်လည်ဆက်သွယ်ရာတွင် ပေါ်ပေါက်လာသော ကိစ္စများ၊ နောက်ဆုံးအခြေအနေကို တင်ပြခြင်း၊ အရှေ့နှင့်အနောက် ကမ်းရိုးတန်းများရှိ မီးရထားသံလမ်းများကို အသုံးပြုရန် တင်ပြဆွေးနွေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံ၏ မီးရထားသံလမ်းစနစ်ကို စစ်ဆေးရန် တောင်ကိုရီးယားနိုင်ငံကအရာရှိများနှင့် ပညာရှင်များကို စေလွှတ်မည့်ကိစ္စ မပါဝင်ကြောင်းသိရသည်။
ဇွန် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော သဘောတူညီချက်အရ မြောက်ကိုရီးယား မီးရထားသံလမ်းများကို ပူးတွဲစစ်ဆေးခြင်းကို ဇူလိုင် ၂၄ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံကို ဆန့်ကျင်ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသည့် အချိန်အထိ မြောက်ကိုရီးယား မီးရထားသံလမ်းများနှင့် လမ်းများကို ပြုပြင်မွမ်းမံရန် ကတိမှာ လျာထားချက်သက်သက်သာ ရှိနေလိမ့်မည်။ နှစ်နိုင်ငံနယ်စပ်ရှိ စစ်ရပ်စဲရေးဇုန်အဖြစ် သတ်မှတ်ထားသည့် ပန်မွန်ဂျုံရွာတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံဆွေးနွေးမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့၏ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် နောက်ဆုံး ဆွေးနွေးမှုတစ်ခု ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းမဲ့ရေး လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့သည့် ဧပြီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ မီးရထားသံလမ်းနှင့်ကားလမ်းများ ခေတ်နှင့်အညီ ပြုပြင်မွမ်းမံ၍ တောင်ကိုရီးယားနှင့် ချိတ်ဆက်လိုကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။ လမ်းပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုကို ဇွန်လ ၂၈ ရက်တွင် နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်မှသာ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့ပြီး မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက်စေလိမ့်မည်ဟု တောင်ကိုရီးယား အကြီးအကဲ အချို့က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ လမ်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုဖြင့် တောင်ကိုရီးယားနိုင်ငံက တန်ဖိုးနည်းသောနည်းလမ်းများဖြင့် တရုတ်နှင့် ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းပို့ဆောင်နိုင်မည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံရှိ မီးရထားသံလမ်းများမှာ ၂၀ ရာစုအစောပိုင်းကတည်းက ဖောက်လုပ်ခဲ့သောကြောင့် ပြန်လည် ပြုပြင်မွမ်းမံရန် ဆယ်စုနှစ်များခန့် ကြာမြင့်နိုင်ပြီး အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားကင်းမဲ့ရေး အစီအစဉ် ဖော်ဆောင်နိုင်မှသာ ထိုကဲ့သို့ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ဟုဆိုသည်။
















