ပေကျင်း-သမ္မတ ရှီကျင့်ဖျင်သည် စစ်တပ်များ လှည့်လှည်စစ်ဆေးရာတွင် စစ်သားများ၏ တာဝန်ထမ်းဆောင်မှုများကို ချီးကျူးပြောကြားခြင်းနှင့် တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာစေရန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အဓိကဖြစ်သည်ဟု မကြာခဏ ဂုဏ်ပြုပြောကြားသည်ကို နိုင်ငံတော် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်လေ့ရှိသည်။
သို့သော် စစ်မှုထမ်းဟောင်းများကမူ ၎င်းတို့ကို ပစ်ထားသည်ဟုခံစားကြရကာ မစို့မပို့ ပင်စင်လစာနှင့် ထောက်ပံ့မှုနည်းသည်ကို မကျေနပ်ကြောင်းပြသရန် လမ်းများပေါ်သို့ တက်ရောက်ဆန္ဒပြကြသည်။ အဆိုပါ မငြိမ်သက်မှု သည် စစ်တပ်ကို မဏ္ဍိုင်ကြီးတစ်ရပ် အဖြစ်ထားသည့် ရှီကျင့်ဖျင်အတွက် နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ "တစ်ဖက်မှာ တရုတ်နိုင်ငံက အခုဆိုရင် ချမ်းသာပြီး အင်အားကြီးနိုင်ငံဖြစ်လာပြီဆိုတဲ့ ဝါဒဖြန့်မှုနဲ့ စစ်တပ်မှာက ပြောင်းပြန်ဖြစ်နေတာကို စစ်မှုထမ်းဟောင်းတွေက ဒေါသထွက်ကြတယ်။ တခြားတစ်ဖက်ကတော့ သူတို့ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေတာကို တိုက်ပွဲဝင်မယ်လို့ခံစားကြလို့ပါ"ဟု တရုတ်စစ်မှုထမ်းဟောင်းများ အရေးကိစ္စကျွမ်းကျင်သူဒစ်ကင်ဆန်တက္ကသိုလ်ရှိ ပါမောက္ခ နေးလ်ဒိုင်ယာမန့်တ်က ပြောသည်။
ဒေသတွင်းနှင့် နိုင်ငံတစ်ဝန်းရှိ အခြားအငြိမ်းစားစစ်သား ၁,ဝ၀ဝ ကျော်၏ စိတ်ဝယ် ထိုမကျေနပ်ချက်များရောက်ရှိလာပြီး ကျန်စုပြည်နယ်ရှိ တရုတ်အရှေ့ပိုင်းမြို့တော် ရှန်ကျင်းရှိ ပြည်နယ်အစိုးရရုံးသို့ ဇွန်လ တတိယပတ်က စုဝေးရောက်ရှိလာသည်။ ၎င်းတို့သည် အများပြည်သူအသုံးပြုသည့် ကွက်လပ်တစ်ခုနှင့် လမ်းသွယ်တစ်ခုပေါ်တွင် လေးရက်ကြာ နေရာယူထားကာ စစ်မှုထမ်းဟောင်းတစ်ဦးက အစိုးရထောက်ပံ့ကြေးပိုပေးရန် အသနားခံတောင်းဆိုသည်ကို အစိုးရက ငှားရမ်းထားသည့် လူမိုက်များက ရိုက်နှိက်ခဲ့သည့်အပေါ် ဖြေရှင်းပေးရန် တောင်းဆိုထားကာ ကြွေးကြော်သံများဖြင့် အော်ဟစ်နေကြသည်ဟု ဆန္ဒပြသူများကို ထောက်ခံသူများက ပြောကြားသည်။
ဇွန် ၂၄ ရက် မနက်အစောပိုင်းက အဆိုပါလူအုပ်ကို ရဲများက ရုန်းရင်းဆန်ခတ် အနည်းငယ်မျှဖြင့် ရှင်းလင်းနိုင်ခဲ့သည်။ သို့သော် ရှန်ကျင်းလမ်းများပေါ်သို့ စီတန်းရောက်ရှိလာသည့် လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် သံချပ်ကာကားများကြောင့် အစိုးရနှင့် မကျေမနပ်ဖြစ်နေသော စစ်မှုထမ်းဟောင်းများ၏ ဆက်ဆံရေးကို ပို၍ဆိုးဝါးစေခဲ့သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ထွက်ခွာလာသည့် စစ်မှုထမ်းဟောင်းများက အငြိမ်းစားလစာများ၊အလုပ်အကိုင်နှင့် ဆေးဝါးကုသမှုများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးရန် ဆယ်စုနှစ်များစွာ အသနားခံတောင်းဆိုခဲ့သော်လည်း မကြာသေးမီလများအတွင်းက မကျေနပ်ချက်များ ပြည့်လျှံတက်လာသည်။ ပြဿနာ၏ အစိတ်အပိုင်းတစ်ခုမှာ စစ်မှုထမ်းဟောင်းများအတွက် လျော်ကြေးနှင့် အလုပ်အကိုင်များပိုမိုထောက်ပံ့ပေးရန် ဗဟိုအစိုးရက ပြည်နယ်အစိုးရများထံ အမိန့်ပေးခဲ့သော်လည်း အပိုထောက်ပံ့ကြေးများ မပေးခြင်းကြောင့်ဖြစ်သည်ဟု ဒိုင်ယာမန့်တ်က ပြောသည်။ ကြာရှည်ဖြစ်ပေါ်နေသော မကျေနပ်ချက်များကို ဖြေရှင်းရန် စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းတည်ထောင်ရန် သမ္မတသည် မတ်လက ကြီးကြပ်ကွပ်ကဲခဲ့သော်လည်း သိသာသည့် ပြောင်းလဲမှုမရှိခြင်းကြောင့် စစ်မှုထမ်းဟောင်းများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိ ပင်စင်စားစစ်သားများသည် အလားတူ ဆန္ဒပြမှုများ ပြုလုပ်ရန် မကြာသေးခင်လများအတွင်းက အနည်းဆုံးနှစ်ကြိမ် စုရုံးခဲ့သည်။ စစ်မှုထမ်းဟောင်းများကို အစိုးရငှားထားသည့်လူမိုက်များက အကြမ်းဖက်သည်ဟုဆိုကာ ဇွန်လအတွင်းက တရုတ်ပြည်အလယ်ပိုင်းတွင် တစ်ကြိမ်နှင့် ထိုကာလမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်က ကွမ်တုံပြည်နယ်တို့တွင်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။

















