တိုကျို-ဂျပန် အာကာသစူးစမ်းလေ့လာရေးယာဉ် တစ်စင်းသည် သုံးနှစ်ခွဲကြာပျံသန်းပြီးနောက် ဇွန်လ ၂၇ ရက်နေ့က ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုပေါ်သို့ ဆိုက်ရောက်ခဲ့သည်။
ထိုယာဉ်သည် ချိုင့်ကြီးတစ်ခုကို ဖောက်ခွဲဖွင့်လှစ်ပြီး နမူနာများကောက်ယူကာ ကမ္ဘာသို့ ပြန်လာမည်ဖြစ်သည်။ လူလိုက်ပါခြင်းမရှိသည့် ဟိုင်ယာဘူဆာ ၂ အာကာသယာဉ်သည် အဆိုပါ ဂြိုဟ်သိမ်ဂြိုလ်မွှားနှင့် ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့်၊ ကမ္ဘာနှင့် ကီလိုမီတာ သန်း ၂၈၀ (မိုင်သန်း ၁၇၀) ကွာဝေးသည့် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည်ဟု ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက ပြောကြားသည်။
လာမည့်တစ်နှစ်ခွဲကျော်တွင် အဆိုပါ အာကာသယာဉ်သည် နမူနာများကောက်ယူရန် ဂြိုဟ်ပေါ်သို့ ဆင်းသက်မှုသုံးကြိမ် ကြိုးပမ်းပြုလုပ်မည်ဖြစ်သည်။ နမူနာကောက်ယူမှုနှင့် အပြန်ခရီးစဉ် အောင်မြင်ပါက အဆိုပါ ဂြိုဟ်က အရာဝတ္ထုများသည် နေရောင်ခြည်စနစ်၏ မူရင်းဇာစ်မြစ်များနှင့် ကမ္ဘာ့မြေပြင်သက်တမ်း သဲလွန်စများကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ အဆိုပါ စက်ရုပ်အာကာသယာဉ်မှာ မညီညာသော မျက်နှာပြင်ပေါ်တွင် ဆင်းသက်ရန် သင့်တော်မည့်နေရာများကို ရှာဖွေရန် အချိန်နှစ်လခန့် ကြာမြင့်မည်ဖြစ်သည်။
မျက်နှာပြင်အပူချိန် မြင့်မားလွန်းခြင်းကြောင့် အာကာသယာဉ်ဆင်းသက်သည့် အကြိမ်တိုင်းတွင် စက္ကန့်အနည်းငယ်သာ နေမည်ဖြစ်သည်။ ဂျပန်ရိုးရာပုံပြင်များထဲမှ ရေအောက်နန်းတော် ရူဂု အမည်ကို အစွဲပြုကာ ပေးထားသည့် အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားသည် အချင်း မီတာ ၉၀ဝ ခန့်ရှိသည်။ ဂြိုဟ်ပေါ်သို့ အာကာသယာဉ်မှ ပထမဆုံးအကြိမ် ဆင်းသက်မှုကို စက်တင်ဘာ၊ သို့မဟုတ် အောက်တိုဘာတွင် ပြုလုပ်ရန်စီစဉ်ထားသည်။

















