ကလေးမရှိသူများ အတ္တကြီးသူများဖြစ်ဟု ပြောဆိုခဲ့သည့် ဂျပန်လွှတ်တော်အမတ် ဝေဖန်ခံရ ကလေးယူသင့်မသင့်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သာသက်ဆိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောဆို

ကလေးမရှိသူများ အတ္တကြီးသူများဖြစ်ဟု ပြောဆိုခဲ့သည့် ဂျပန်လွှတ်တော်အမတ် ဝေဖန်ခံရ ကလေးယူသင့်မသင့်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သာသက်ဆိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောဆို

ဂျပန်ရှိ အာဏာရလစ်ဘရစ်ဒီမိုကရက်တစ်ပါတီ( အယ်လ်ဒီပီ)၏အထွေထွေအတွင်းရေးမှူးဖြစ်သလို လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည့် တိုရှီဟီရိုနစ်ကိုင်သည် ကလေးမရှိသူများအား အတ္တကြီးသူများ၊ လွတ်လွတ်ကျွတ်ကျွတ်နေလိုသူများအဖြစ် ပြောဆိုခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ကြုံတွေ့နေရသည်။

မျိုးဆက်သစ်များသည် ကလေးမရှိသောကြောင့် ၎င်းတို့ကိုယ်၎င်းတို့ သက်သာပြီဟု ထင်နေကြကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက် မျိုးဆက်များသည် ကလေးများစွာယူခဲ့သောကြောင့် မိသားစုကြီးများရှိခဲ့ကြောင်း နစ်ကိုင်ကပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံတိုးတက်ရေးအတွက်လည်း အမျိုးသမီးများသည် ကလေးများစွာယူရန်လိုအပ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဂျပန်၌ သက်ကြီးရွယ်ဦးရေများပြားနေပြီး အလုပ်လုပ်ကိုင်သူနည်းပါးနေသည်။

"ဒုတိယကမ္ဘာစစ်မတိုင်၊ ဖြစ်နေစဉ်နဲ့ ဖြစ်ပြီးနောက်မှာ ကလေးတွေယူရင် ဒုက္ခရောက်မှာကို သိခဲ့ကြပေမယ့် ကလေးမရှိရင် ကောင်းမယ်လို့ ဘယ်သူကမှ မပြောခဲ့ဘူး၊ ဒီနေ့ခေတ်မှာတော့ ကလေးမရှိမှ လွတ်လွတ်လပ်လပ်နေနိုင်မယ်လို့  ကိုယ်ကျိုးကြည့်တဲ့ အမြင်နဲ့ပြောနေကြတယ်၊ လူတိုင်းပျော်ရွှင်နိုင်ဖို့အတွက် အမျိုးသမီးတွေကို ကလေးတွေအများကြီးမွေးခိုင်းရမယ်၊ ဒါမှာ ဂျပန်နိုင်ငံ တိုးတက်မှာ" ဟု နစ်ကိုင်က ဇွန် ၂၆ ရက်တွင် ပြောဆိုခဲ့သည်။

နီကိုင်၏မှတ်ချက်စကားသည် လူများ၏မိသားစုအရွယ်အစားကို ရွေးချယ်ခွင့်ကို ချိုးဖောက်နေပြီး ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ ကလေးယူရန် မျှော်လင့်ချက်မထားနိုင်သူများ၏ အခြေအနေကို နားမလည်ရောက်နေကြောင်း အတိုက်အခံပါတီဝင်များကပြောဆိုခဲ့သည်။ ထို့ပြင် နစ်ကိုင်သည် လိင်တူစုံတွဲများနှင့် မိဘတစ်ဦးတည်းဖြင့် သားသမီးများကိုပြုစုပျိုးထောင်နေရသူများအပါအဝင် မိသားစုပုံစံမျိုးကွဲစုံလင်မှုကိုလည်း ငြင်းပယ်ရာကျနေကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။

ကလေးယူခွင့်ဆိုင်ရာဆုံးဖြတ်ချက်သည် အခြေခံကျသည့် ကိုယ့်ကြမ္မာကိုယ်စီရင်ခွင့်၏တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ပါတီများဝင်ရောက်စွက်ဖက်ရန်မသင့်ကြောင်း အတိုက်အခံ ဂျပန်ဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီခေါင်းဆောင် ယူကီယိုအဲဒါနိုက ဇွန် ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုပြောဆိုခဲ့သည်။

အာဘေးကလည်း သဘောတူညီခဲ့ပြီး လက်ထပ်သင့်မသင့်နှင့် ကလေးယူသင့်မသင့်ဆုံးဖြတ်မှုမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သက်ဆိုင်ကြောင်း၊ ၎င်းနှင့် ဇနီးအာကီတို့သည်လည်း သားသမီးမရှိသောကြောင့် ကိုယ့်အမြင်များကို အခြားလူများလက်ခံလာအောင် အတင်းအကျပ်မလုပ်သင့်ဟု ယူဆပါကြောင်းပြောဆိုခဲ့သည်။

ထို့ပြင် ကလေးပြုစုပျိုးထောင်ခြင်းအတွက် ငွေကြေးထောက်ပံ့နိုင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း အာဘေးက ကတိပြုခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ဂျပန်၌ ကလေး ၉၄၆၀၆၀ ဦးမွေးဖွားခဲ့သည်။ ယင်းသည် စာရင်းအင်းစတင်ကောက်ယူခဲ့သည့် ၁၈၉၉ ခုနှစ်မှစ၍ ကလေးမွေးဖွားမှုအနည်းဆုံးဖြစ်သည်။