နယူးဇီလန်ဝန်ကြီးချုပ် သမီးကလေး မျက်နှာမြင်

နယူးဇီလန်ဝန်ကြီးချုပ် သမီးကလေး မျက်နှာမြင်

၀ယ်လင်တန် (နယူးဇီလန်) ” နယူးဇီလန် ဝန်ကြီးချုပ်ဂျာဆင်ဒါ အာဒန်နှင့် ၎င်း၏ ခင်ပွန်းတို့သည် သူတို့၏မွေးကင်းစ သမီးကလေးကို "နီဗီ"ဟု အမည်ပေးလိုက်သည်။

 

ဇွန် ၂၁ ရက်၌ သမီးကလေးကို မွေးဖွားပြီးသုံးရက်မြောက်နေ့၌ ဝန်ကြီးချုပ် အာဒန်သည် ပထမဦးဆုံးပြည်သူများရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။ နေအိမ်သို့မပြန်မီ အုတ်ကလင်းစီးတီး ဆေးရုံတွင် သမီးကလေးကိုပွေ့ပိုက်၍ သတင်းထောက်များ၏ မေးခွန်း အချို့ကိုဖြေကြားခဲ့သည်။ ၎င်းသည် ဝန်ကြီးချုပ်လုပ်ငန်းခွင်သို့မဝင်မီ ခွင့်ရက်သတ္တခြောက်ပတ် ယူထားမည်ဖြစ်သည်။

အာဒန်သည် တာဝန်ထမ်းဆောင်စဉ် မီးဖွားသည့်ဒုတိယမြောက် ရွေးချယ်ခံ ကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။

မိခင်ဘဝနှင့် နိုင်ငံရေးဦးဆောင်မှုကို တစ်ပြိုင်တည်းတွဲလုပ်မှုအတွက် အသက် ၃၇ နှစ် အရွယ်ရှိ အာဒန်သည် အတုယူခံထိုက်သူ ဖြစ်လာမည်ဟု ပြည်သူများကမျှော်လင့်ကြသည်။

၎င်းနှင့် ခင်ပွန်းဖြစ်သူ ကလပ်ဂေးဖို့ဒ်တို့သည် ကလေး၏အမည်ကို "Neve Te Aroha Ardern Gayford"ဟုအပြည့်အစုံ ပေးထားသည်။ နိုင်ငံကို ဦးဆောင်နေစဉ်ကလေးမွေးဖွား ခြင်းသည် တစ်နေ့ကျလျှင် အသစ်အဆန်းတစ်ခုဟု မမြင်တော့မည်ကို မျှော်လင့်ကြောင်းအာဒန်က ဆိုသည်။ လူငယ်လူရွယ်များအတွက် ၎င်းတို့မိသားစုကို မည်သို့ ကြည့်ရှုစောင့်ရှောက်ကြမည်နည်း၊မည်သည့် အသက်မွေးမှုလုပ်ငန်းမျိုး လုပ်ကိုင်မည်ကိုရွေးချယ်နိုင်သော အနာဂတ် ရှိသင့်ကြောင့် အာဒန်ကမျှော်လင့်သည်။
ကလေးရှိလာခြင်းသည် ၎င်းအား ကမ္ဘာကို တစ်မူထူးခြားစွာမြင်စေပြီး ကလေးများကို အာရုံ စိုက်ထားပြီးဖြစ်သော နိုင်ငံရေးအမြင်များကို ပိုကောင်းစေသည်ဟုအာဒန်ကပြောသည်။

တာဝန်ထမ်းဆောင်စဉ် ကလေးမွေးသည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးမှာ ကွယ်လွန်သွားပြီဖြစ်သောပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာဘူတိုဖြစ်ပြီး ၎င်းသည်၁၉၉၀ ပြည့်နှစ်၌ ဘတ်တဝါကို မွေးဖွားခဲ့သည်။ ထိုသမီးကလူမှုမီဒီယာတွင် ယခုသီတင်းပတ်၌ အာဒန်၏ကလေးသည် ဘနာဇီယာဘူတို၏မွေးနေ့၌ မွေးဖွားကြောင်းဖော်ပြပြီး ဝမ်းမြောက်ချီးကျူး ဂုဏ်ပြုခဲ့သည်။

နယူးဇီလန် ဒုတိယဝန်ကြီးချုပ် ဝင်စတန် ပီတာက ခေတ္တဝန်ကြီးချုပ်အဖြစ် အာဒန်ခွင့်စေ့ပြီး ပြန်လာသည်အထိတာဝန်ထမ်း ဆောင်မည်ဖြစ်သည်။ အာဒန် ရုံးပြန်တက်သည့်အခါ ကလေးအတွက် အဓိက ကြည့်ရှုစောင့်ရှောက်သူဖြစ်လာအောင် ခင်ပွန်းဖြစ်သူ ကလပ်ဂေးဖို့ဒ်က စီစဉ်နေကြောင်း သိရသည်။