ပါရီ-တောရိုင်းတိရစ္ဆာန်နှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်နေမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာစစ်ဆင်ရေးကြီးတစ်လကြာ ဆင်နွှဲပြီးနောက် ထောင်ပေါင်းများစွာသော တောရိုင်းသတ္တဝါများ၊ ဆင်စွယ်များနှင့် အသားအမြောက်အမြားကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဖမ်းဆီးရမိခဲ့သူများထဲတွင် လူမှုကွန်ရက်ပေါ်၌ တရားမဝင်ရရှိခဲ့သည့် ဆုတံဆိပ်များပြသခဲ့သူ မုဆိုးတစ်ဦးနှင့် လက်ဆွဲအိတ်အတွင်း လိပ်များကိုထည့်ကာ သယ်ဆောင်ခဲ့ကြသည့် လေယာဉ်ဝန်ထမ်းများလည်း ပါ၀င်ခဲ့သည်။ မသင်္ကာစရာ အခြားအမှုပေါင်း ၁,၄၀ဝ ကိုလည်း ကမ္ဘာတစ်ဝန်း ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ကြီးက ဆိုသည်။ "မိုးကြိုးမုန်တိုင်း"ဟု အမည်ဝှက်ပေးထားသော အဆိုပါ စစ်ဆင်ရေးကြီးတွင် နိုင်ငံပေါင်း ၉၂ နိုင်ငံက ရဲတပ်သားများ၊ အကောက်ခွန်ဝန်ထမ်းများ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ထမ်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တောလုပ်ငန်းများက ထောက်လှမ်းရေးအဖွဲ့များ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောရိုင်းတိရစ္ဆာန်အသား ၄၃ မက်ထရစ်တန်အပါအဝင် အမေရိကန်ဒေါ်လာ သန်းချီတန်သည့် ဖမ်းဆီးရမိပစ္စည်း အမျိုးပေါင်း ၁,၉၇၄ မျိုးတွင် ဝက်ဝံ၊ ဆင်၊ မိကျောင်း၊ ဝေလငါးနှင့် မြင်းကျားများ၊ ၁ ဒသမ ၃ တန်ရှိသည့် ဆင်စွယ်များ၊ တွားသွားသတ္တဝါအကောင်ရေ ၂၇,ဝ၀ဝ၊ ငှက်မျိုးစိတ် ၄,ဝ၀ဝ နီးပါး၊ လူဝံအရှင် ၄၈ ကောင်၊ ကြောင်ကြီးမျိုးနွယ် ၁၄ ကောင်နှင့် ပိုလာဝက်ဝံ နှစ်ကောင်ပါဝင်သည့် ဝက်ဝံအသေခုနစ်ကောင်တို့ ပါဝင်ကြောင်း သိရသည်။
"ဒီစစ်ဆင်ရေးဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးညှဉ်းပန်းတဲ့ ပြစ်မှုမြောက်နိုင်မယ့် နေရာတွေ၊ တိရစ္ဆာန်တွေ၊ သစ်တောတွေရှိတဲ့ ဒီနိုင်ငံတွေကို မေလတစ်လလုံး ပစ်မှတ်ထားပြီး ဆောင်ရွက်ခဲ့တာပါ"ဟု ကနေဒါနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရှဲလ်ဒန် ဂျော်ဒန်က ပြောကြားခဲ့သည်။ "အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲ"ဟု ထပ်ပြောသည်။ ၎င်းက ထပ်မံပြောကြားရာ၌ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးညှဉ်းပန်းသည့် ပြစ်မှုများသည် ငွေကြေးတန်ဖိုးအရဆိုလျှင် စတုတ္ထအကြီးဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၅ ဘီလျံရှိကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ကဆိုရာ၌ ကိုယ်ပိုင်အထုပ်အပိုးများထဲတွင် အစက်အပြောက်များပါဝင်သည့် လိပ်အရှင်များကို အာရှတိုက်သို့ ပို့ဆောင်ရန် သယ်ဆောင်လာမှုဖြင့် လေယာဉ်ဝန်ထမ်းနှစ်ဦးကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မသင်္ကာဖွယ်လူနှစ်ဦးကို တားမြစ်ထားသည့် မျိုးစိတ်များ မှောင်ခိုတင်သွင်းမှုဖြင့် တရားစွဲဆိုခဲ့သည်။ ကနေဒါအာဏာပိုင်များက အာရှတိုက်မှရောက်လာသည့် ငါးရှဉ့်အသား ၁၈ တန်ထည့်ထားသည့် ကုန်သေတ္တာကြီးတစ်လုံးကို ကြားဖြတ်၍ ဖမ်းဆီးသိမ်းယူနိုင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် ဗီယက်နမ်ရေကြောင်းအာဏာပိုင်များက ကမ္ဘာအနှံ့ဖမ်းဆီးထားခဲ့သည့် ရှစ်တန်ခန့်ရှိသော သင်းခွေချပ်ကြေးခွံ၏ ထက်ဝက်ခန့်ကို ကွန်ဂိုနိုင်ငံမှရောက်လာသည့် သင်္ဘောတစ်စင်းပေါ်တွင် တွေ့ရှိခဲ့သည်။ သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး တရားမဝင်ကုန်ကူးမှုတားမြစ်ထားသည့် နို့တိုက်သတ္တဝါဖြစ်ပြီး ယင်းတို့၏ကြေးခွံများသည် အာရှတိုက်၏ တိုင်းရင်းဆေးဝါးများဖော်စပ်ရာတွင် အလွန်အသုံးဝင်သောကြောင့် ယခုအခါ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

















