တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သူ သေနတ် သမားကြည်လင်း အပါအဝင်လေးဦးကို ယနေ့ ဇွန် ၂၈ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးတွင် (၅၈) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ ကြည်လင်းက မိသားစုနှင့် ၄င်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသဖြင့် ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
မြောက်ပိုင်း ခရိုင် တရားရုံး၏ စွဲချက်အမိန့်ကို မကျေနပ်သဖြင့် နှစ်ဖက်ရှေ့နေများက တိုင်းဒေသကြီး တရားလွှတ်တော် သို့ ရာဇဝတ်ပြင်ဆင်မှုအယူခံ (၈) မှုတင်သွင်းခဲ့သည့်အပေါ် တိုင်းဒေသကြီး တရား လွတ်တော် တရားခွင် (၇) တိုင်းတရားသူကြီး ဦးအောင်နိုင်က စစ်ဆေးခဲ့ပြီးနောက် ဇွန် ၁၈ ရက်တွင် အမိန့်များချမှတ်ခဲ့ကာ မူလရုံးတွင်စစ်ဆေးနိုင်ရန် အမှုတွဲပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားသူကြီးက ရာဇဝတ်ပြင်ဆင်မှု အယူခံတင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး၏ ဇွန် ၁၈ ရက်က ချမှတ်ခဲ့သည့် ပြင်ဆင်ချက်အမိန့်ကို ပြန်လည်ဖတ်ကြားခဲ့သည်။
မြောက်ပိုင်းခရိုင်တရားရုံး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ ဖြင့် တရားစွဲဆိုခံရသည့် ဇေယျာဖြိုးက ၄င်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄ ဖြင့် စွဲချက်တင်မှုအား ၅၄(ခ) /၁၈ ဖြင့် တိုင်းဒေသကြီးတရားလွတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၀၉ ဖြင့် စွဲချက်တင်ရန် ဇွန် ၁၈ ရက်က ပြင်ဆင်မိန့်ချမှတ်ခဲ့ကာ ကြည်လင်းအပါအဝင်သုံးဦးနှင့်ပတ်သက်သည့် စွဲချက်များအပေါ် မူလရုံး၏ အမိန့်အတိုင်း အတည်ပြုခဲ့ပြီး ၄င်းတို့၏ ရာဇဝတ်ပြင်ဆင်လျှောက်ထားမှုကို ပလပ်ခဲ့သည်။
ထို့ပြင် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့သုံးဦးအပေါ် မြောက်ပိုင်းခရိုင် တရားရုံး၏ စွဲချက်အမိန့်နှင့် ပတ်သက်၍ ဦးကိုနီ၏ ဇနီးနှင့် အငှားယာဉ်မောင်း ကိုနေဝင်း၏ ဇနီးတို့ကလည်းရာဇဝတ်ပြင်ဆင်မှု အသီးသီး လျှောက်ထားခဲ့ရာ မူလရုံး၏ အမိန့်အတိုင်းဆောင်ရွက်စေရန် အမိန့်ချမှတ်ခဲ့ပြီး ပြင်ဆင်မှုကို ပလပ်ခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းခရိုင်တရားရုံးက ကြည်လင်း (ခ)ဖိုးထူးကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ / ၃ဝ၂ (၂)/ လက်နက်ပုဒ်မ ၁၉(ဃ)(စ)အရ လည်းကောင်း၊ အမှုနှင့် ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ခ)/၁၀၉ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၂၁၂ အရလည်းကောင်း စွဲချက် တင်ကာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
" အစိုးရရုံးစိုက်တဲ့ နေပြည်တော်ဟာ ရာဇဝတ်သားတွေ ခိုလှုံတဲ့နေရာ မဟုတ်ကြောင်း၊စွဲချက်တင် ထားတဲ့ ပုဒ်မများက အဓိပ္ပါယ်မရှိကြောင်း " အမှုရင်ဆိုင်နေရသည့် ဇေယျာဖြိုးက တရားခွင်မှ အပြန် ပြောဆိုခဲ့သည်။
ယနေ့ရုံးချိန်းတွင် ခရိုင်တရားသူကြီးက ဦးကိုနီလုပ်ကြံမှုတွင် ကြည်လင်းကို အပြစ်ရှိ/မရှိနှင့် လက်နက်ကိစ္စမေးမြန်းခဲ့ရာ ကြည်လင်းက ၄င်းတွင်အပြစ်မရှိကြောင်း ၊ မိသားစုနှင့် ၄င်း၏ အသက်အန္တရယ်ကို ခြိမ်းခြောက်ခံနေရသဖြင့် ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ လေဆိပ်သို့ လာရောက်စဉ် ၄င်းတွင် မည်သည့်လက်နက်မှ မပါရှိကြောင်း အစစ်ခံခဲ့သည်။
ထို့အတူ အောင်ဝင်းဇော် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုး တို့ကလည်း ၄င်းတို့တွင် အပြစ်မရှိကြောင်းရုံးတော်သို့ လျှောက်ထား တင်ပြခဲ့ သည်။ ထို့နောက် နှစ်ဖက်ရှေ့နေများက တရားခံပြ သက်သေ (၅၀)ဦး၏စာရင်းကိုတင်သွင်းခဲ့ပြီး လာမည့် ဇူလိုင် ၅ ရက်တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်း(ခ)ဖိုးထူးကို စစ်ဆေးရန် ပြန် လည်ချိန်း ဆိုခဲ့သည်။
တိုင်းဒေသကြီးတရားလွှတ်တော်က ချမှတ်ခဲ့သည့် ရာဇဝတ်ပြင်ဆင်မှုအယူခံအမိန့်နှင့်ပတ်သက်၍ တရားရုံးချုပ်သို့ပြင်ဆင်မှုအယူခံ ထပ်မံတင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
















