မိမိတို့မြေတစ်လက်မမျှ ထိပါးခံမည်မဟုတ်ဟုတရုတ်သမ္မတရှီကန်ကာကွယ်ရေးဝန်ကြီးကိုပြော

မိမိတို့မြေတစ်လက်မမျှ ထိပါးခံမည်မဟုတ်ဟုတရုတ်သမ္မတရှီကန်ကာကွယ်ရေးဝန်ကြီးကိုပြော

တရုတ်သည် ငြိမ်းချမ်းရေးကိုသာလိုလားကြောင်း၊ သို့သော် မိမိတို့ အချုပ်အခြာပိုင်မြေကိုတစ်လက်မမျှ ထိပါးခံမည်မဟုတ်ကြောင်းဖြင့် တရုတ်သမ္မတရှီကျင်းဖျင်ကချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျင်မတ်တစ်ကိုပြောကြားလိုက်သည်။

နှစ်နိုင်ငံကြားကုန်သွယ်ရေးတင်းမာနေမှု၊ တောင်တရုတ်ပင်လယ်ပိုင်နက်အများအပြားကိုတရုတ်က ၎င်းတို့ပိုင်အဖြစ် သတ်မှတ်နေမှုများကြောင့် တရုတ်နှင့် အမေရိကန်ကြားတင်းမာမှုများ မြင့်တက်နေချိန်တွင် ကာကွယ်ရေးဝန်ကြီးမတ်တစ် တရုတ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်းမတ်တစ်သည် တရုတ်သို့ သွားရောက်သည့် ပထမဆုံးပင်တဂွန် အကြီးအကဲလည်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးမတ်တစ်သည် အာရှမဟာမိတ်နိုင်ငံအများအပြားသို့ သွားရောက်မည်ဖြစ်သည်။

ပေကျင်းတွင် သမ္မတရှီနှင့် ဆွေးနွေးမှုရလဒ်များအထူးကောင်းမွန်ကြောင်း၊ တရုတ်နှင့် အမေရိကန် စစ်ဘက်ဆက်ဆံရေးအဆင့်မြင့်မြင့် ထူထောင်နိုင်ရန် လမ်းဖွင့်နိုင်ခဲ့ကြောင်းဖြင့် မစ္စတာမတ်တစ်ကပြောသည်။ တရုတ်သည် ငြိမ်းချမ်းရေးကိုသာလိုလားကြောင်း၊ သို့သော် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပေးအပ်ခဲ့သည့် နယ်မြေများကိုမူတစ်လက်မမျှ အထိခံမည်မဟုတ်ကြောင်း၊ မိမိတို့နယ်မြေကိုသာမိမိတို့ ပိုင်စိုးလိုကြောင်း၊ အခြားသူများ၏ နယ်မြေကိုထိပါးကျူးကျော်ရန် အစီအစဉ်လုံးဝမရှိကြောင်းလည်းသမ္မတရှီကပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများကိုအဆင့်မြှင့်တင်ခြင်း၊ စစ်ဘက်ဆိုင်ရာစခန်းများအဖြစ် အသုံးပြုနေခြင်းများသည် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ရာရောက်နေကြောင်းအမေရိကန်ကတရုတ်ကိုအစဉ်တစိုက် ပြစ်တင်ပြောကြားလျက်ရှိသည်။ တောင်တရုတ်ပင်လယ် ရေပိုင်နက်နှင့် ပတ်သက်ပြီးတရုတ်နှင့် အိမ်နီးချင်းနိုင်ငံအများအပြားအငြင်းပွားနေကြဆဲဖြစ်သည်။ အငြင်းပွားဧရိယာသည် အဓိကရေကြောင်းသွားလာရေးလမ်းကြောင်းဖြစ်သလို၊ ရေသယံဇာတနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့စသောသဘာဝသယံဇာတလည်းပေါကြွယ်ဝသောနေရာဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးမတ်တစ်သည် တောင်ကိုရီးယားနှင့် ဂျပန်သို့လည်းဆက်လက်သွားရောက်မည်ဖြစ်သည်။