အသက် ၁၆ အရွယ် နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းရန် ပြင်သစ်သမ္မတဧမာနွေလ မာခရွန်ကစီစဉ်နေကြောင်းသိရသည်။
ပြင်သစ် လူငယ်များအကြား နိုင်ငံသားတာဝန်သိစိတ်၊ စည်းလုံးညီညွတ်စိတ်များတိုးပွားလာရေးအတွက် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းမည်ဟု ရွေးကောက်ပွဲကာလကတည်းက မစ္စတာမာခရွန်က ကတိပြုထားခြင်းဖြစ်သည်။ စစ်မှုမထမ်းမနေရဥပဒေအရ အသက် ၁၆ နှစ်ပြည့်သည့် ယောကျာ်းလေး၊ မိန်းကလေးတိုင်း အကျုံးဝင်သည်။ စစ်မှုမထမ်းမနေရဥပဒေတွင် နှစ်ဆင့်ပိုင်းခြားထားသည်။ ပထမအဆင့်သည် တစ်လကြာမြင့်မည်ဖြစ်ပြီး စစ်ဘက်၊ ရဲဘက်၊ မီးသတ် စသည့် ကဏ္ဍများ၌ လူငယ်များစိတ်ကြိုက်ရွေးချယ် ပါဝင်နိုင်မည်ဖြစ်သလို၊ အရပ်ဘက်ဆိုင်ရာပရဟိတ လုပ်ငန်းများတွင်လည်း ပါဝင်လိုကပါဝင်နိုင်သည်။
ဒုတိယအဆင့်သည် သုံးလမှ တစ်နှစ်ထိမိမိစိတ်ကြိုက် ရွေးချယ်တာဝန်ထမ်းဆောင်နိုင်သည်။ ထိုအဆင့်တွင် နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လူငယ်များပါဝင်ထမ်းဆောင်ရန် အစိုးရကပိုမိုလိုလားသည့်တိုင်၊ လူငယ်များအနေဖြင့် နိုင်ငံ့သမိုင်းအမွေအနှစ် ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုကဏ္ဍ ကူညီစောင့်ရှောက်ရေးကဏ္ဍများ၌သာ ထမ်းဆောင်လိုပါကလည်း ရွေးချယ်ထမ်းရွက်ခွင့် ပြုထားသည်။
မစ္စတာမာခရွန်သည် ရွေးကောက်ပွဲမဲဆွယ်ကာလကအသက် ၁၈ မှ ၂၁ ကြား ပြင်သစ် လူငယ်များသည် အနည်းဆုံးတစ်လခန့် စစ်မှုထမ်းဘဝအတွေ့အကြုံမျိုးရရှိကြအောင် စီစဉ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ လက်တွေ့တွင်ကား အားလုံးကို စစ်မှုထမ်းစေပါကစစ်တပ်အပေါ် များစွာ ဝန်ပိသလို၊ ကုန်ကျစရိတ်လည်းများပြားသဖြင့် အခြားသော နိုင်ငံဝန်ထမ်းကဏ္ဍများတွင်ပါ ရွေးချယ်ထမ်းဆောင်နိုင်ကြအောင် ခွင့်ပြုထားကြောင်းတွေ့ရသည်။
လက်ရှိအစီအစဉ် အကောင်အထည်ဖော်ရန် အစိုးရသည် တစ်နှစ်ကိုယူရို ၁ ဒသမ ၆ ဘီလီယံသုံးစွဲရမည်ဖြစ်ပြီး၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအတွက်လည်း ယူရို ၁ ဒသမ ၇၅ ဘီလီယံသုံးစွဲရမည်ဖြစ်သည်။ အစီအစဉ်ကိုလာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိကြောင်းသိရသည်။

















