ထရမ့်နှင့်ပူတင် ထိပ်သီးအစည်းအဝေးကျင်းပရေးအမေရိကန်နှင့်ရုရှားမူအားဖြင့် သဘောတူ

ထရမ့်နှင့်ပူတင် ထိပ်သီးအစည်းအဝေးကျင်းပရေးအမေရိကန်နှင့်ရုရှားမူအားဖြင့် သဘောတူ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ထိပ်သီးအစည်းအဝေးကျင်းပရေးကိုအမေရိကန်နှင့် ရုရှားအစိုးရတို့ကမူအားဖြင့် သဘောတူလိုက်ကြပြီဖြစ်သည်။

ရုရှားသမ္မတပူတင်နှင့် အမေရိကန်နိုင်ငံတော် လုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်တို့ တွေ့ဆုံပြီးနောက်တွင် အစည်းအဝေးကျင်းပရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ ရုရှားသမ္မတပူတင်နှင့် ထိပ်သီးဆွေးနွေးရန် ဖြစ်နိုင်ခြေရှိမရှိအကြိုဆွေးနွေးရန် ၎င်းကိုသမ္မတထရမ့်က မော်စကိုသို့ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းမစ္စတာဘိုလ်တန်ကပြောသည်။ သမ္မတ နှစ်ဦးလုံးသည် ထိပ်သီးဆွေးနွေးပွဲကျင်းပကာ နှစ်နိုင်ငံကြားမကျေလည်မှုများကိုဆွေးနွေးပြီးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြကြောင်းလည်းမစ္စတာဘိုလ်တန်ကပြောသည်။

“သမ္မတထရမ့်နဲ့ သမ္မတပူတင်တို့ နှစ်ယောက်လုံးဟာကမ္ဘာမှာအဓိကနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ အတူတကွ ဆွေးနွေး အမြင်ချင်းဖလှယ်ပြီး ပြဿနာတွေ ကျေလည်အောင်ဆောင်ရွက်ကြ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြဖို့ ဆန္ဒရှိနေကြတယ်။ အဲဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် အမေရိကန်နဲ့ရုရှားဆက်ဆံရေးပိုကောင်းလာရုံသာမကကမ္ဘာတစ်ဝန်းတည်ငြိမ်အေးချမ်းမှုပါ ပိုရှိလာအောင် ဆောင်ကြဉ်းနိုင်မှာ ဖြစ်တယ်လို့ သမ္မတနှစ်ဦးလုံးကယုံကြည်နေပါတယ်”ဟုမစ္စတာဘိုလ်တန်ကပြောသည်။

လာမည့်လတွင် ဘရပ်ဆဲလ်၌ နေတိုးအစည်းအဝေးပြီးနောက် တွေ့ဆုံပွဲကျင်းပနိုင်ခြေရှိကြောင်းသမ္မတထရမ့်ကလည်းမှတ်ချက်ပေးပြောကြားသည်။ ဖင်လန်နိုင်ငံ မြို့တော် ဟယ်ဆင်ကီတွင် ဆွေးနွေးပွဲကျင်းပဖြစ်နိုင်ခြေရှိကြောင်းလည်းသမ္မတထရမ့်က ပြောသည်။ ဆီးရီးယားစစ်ပွဲနှင့် ယူကရိန်းအရေးများကိုသမ္မတပူတင်နှင့် ဆွေးနွေးရန်ရှိကြောင်းသမ္မတထရမ့်က သတင်းထောက်များကိုပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာကဗီယက်နမ်တွင် အာရှပစိဖိတ်ထိပ်သီးအစည်းအဝေး၏ အရန်အစည်းအဝေးတစ်ခုတွင် သမ္မတထရမ့်နှင့် သမ္မတပူတင်တို့ တွေ့ဆုံခဲ့ကြဖူးသည်။ ထိပ်သီးအစည်းအဝေးကျင်းပရန်ရှိကြောင်းကိုမော်စကိုရှိကရင်မလင်နန်းတော် နိုင်ငံခြားရေးမူဝါဒအကြံပေးယူရီအာဟာကော့ဗ်ကလည်းအတည်ပြု ပြောကြားသည်။