အမေရိကန် တရားရုံးချုပ် တရားသူကြီးအန်ထော်နီကနေဒီအနားယူ၊ တရားသူကြီးသစ် သမ္မတထရမ့် အမည်တင်သွင်းမည်

အမေရိကန် တရားရုံးချုပ် တရားသူကြီးအန်ထော်နီကနေဒီအနားယူ၊ တရားသူကြီးသစ် သမ္မတထရမ့် အမည်တင်သွင်းမည်

အမေရိကန်တရားရုံးချုပ် တရားသူကြီးအန်ထော်နီကနေဒီသည် ရာထူးမှ အနားယူတော့မည်ဖြစ်ရာသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် တရားရုံးချုပ်တွင် ကွန်ဆာဗေးတစ် တရားသူကြီးအများစုရှိနေအောင် ခန့်ထားနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံးသောတရားရုံးတွင် ထမ်းဆောင်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဖြင့် နုတ်ထွက်တော့မည့် တရားသူကြီးကနေဒီကသမ္မတထရမ့်ထံသို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ အသက် ၈၁ နှစ်အရွယ် တရားသူကြီးသည် ဇူလိုင် ၃၁ ရက်တွင် အနားယူတော့မည်ဖြစ်သည်။ မိသားစုအတွက် အချိန်ပိုပေးလို၍ဖြစ်ကြောင်း တရားသူကြီးကနေဒီကပြောသည်။ အဖွဲ့ဝင် ကိုးဦးပါဝင်သောတရားရုံးချုပ်တရားသူကြီးအဖွဲ့တွင် ၎င်းသည် ဒုတိယအသက်အကြီးဆုံး ဖြစ်သည်။

တရားရုံးချုပ်သည် အမေရိကန်တို့၏ တရားဥပဒေရေးရာတွင် အမြင့်ဆုံးဖြစ်ပြီးအငြင်းပွားဖွယ်ကိစ္စရပ်များတွင် နောက်ဆုံးဆုံးဖြတ်ခွင့်ရှိသည့် ရုံးတော်လည်း ဖြစ်သည်။ ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြားအငြင်းပွားမှုများသည်လည်းတရားရုံးချုပ်၏ အဆုံးအဖြတ်ဖြင့် ပြီးပြတ်ရသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းတရားရုံးချုပ်သည် လိင်တူလက်ထပ်ခွင့်ကို ပြည်နယ် ၅၀ လုံးတွင် ခွင့်ပြုပေးခဲ့သလို၊ သမ္မတဟောင်းဘားရတ် အိုဘားမားလက်ထက်ကလူဝင်မှုကြီးကြပ်ရေးအမိန့်ကြေညာချက်ကိုလည်း ရပ်ဆိုင်းစေခဲ့သည်။ ယခုသီတင်းပတ်အတွင်းလည်းသမ္မတထရမ့်၏ မွတ်စလင် နိုင်ငံများမှ ဝင်ရောက်သူများကိုတားမြစ်သည့် လူဝင်မှုကြီးကြပ်ရေးတားမြစ်မိန့်ကိုဆက်လက်ကျင့်သုံးခွင့်ပြုခဲ့သည်။

သမ္မတထရမ့်က အမည်စာရင်းတင်သွင်းလာမည့် တရားသူကြီးကိုတရားရုံးချုပ်တွင် ခန့်ထားသင့် မသင့်ကိုလွှတ်တော်ကလာမည့် ဆောင်းဦးပေါက်တွင် မဲခွဲဆုံးဖြတ်သွားရန်ရှိကြောင်းအထက်လွှတ်တော် ရီပတ်ဘလီကန် လူများစုခေါင်းဆောင် မစ် မက်ကော်နယ်ကပြောသည်။

တရားသူကြီးကနေဒီသည် လိင်တူအရေးလှုပ်ရှားသူများဘက်ကရပ်တည်ပေးခဲ့သည်ဖြစ်သောကြောင့် ၎င်း အနားယူလျှင် လိင်တူအခွင့်အရေးများထိပါးလာမည်ကိုစိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။