ဂူတွင်းပျောက်ဆုံးနေသည်မှာ ငါးရက်ရှိပြီဖြစ်သည့် ကလေးများအားရှာဖွေရာတွင် အမေရိကန်စစ်သည်များနှင့် ဗြိတိန်ဂူတွင်းကျွမ်းကျင်သူများ ပူးပေါင်းပါဝင်ခဲ့

ဂူတွင်းပျောက်ဆုံးနေသည်မှာ ငါးရက်ရှိပြီဖြစ်သည့် ကလေးများအားရှာဖွေရာတွင် အမေရိကန်စစ်သည်များနှင့် ဗြိတိန်ဂူတွင်းကျွမ်းကျင်သူများ ပူးပေါင်းပါဝင်ခဲ့

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူကြီးတစ်ခုထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည်မှာ ငါးရက်ရှိပြီဖြစ်သည့် ကလေး ၁၂ ဦးနှင့် ၎င်းတို့၏ဘောလုံးနည်းပြတို့အား ထိုင်းရေတပ်အထူးတပ်ဖွဲ့မှ ရေငုပ်သမားများနှင့် ရှာဖွေကယ်ဆယ်ရေးသမားများ၏ရှာဖွေမှုတွင် အမေရိကန်တပ်မှ စစ်သည်တချို့နှင့် ဗြိတိန်ဂူတွင်းရှာဖွေရေးကျွမ်းကျင်သူများ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။

ဇွန် ၂၇ ရက် အနှောင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂူတွင်းရေမျက်နှာပြင်မြင့်တက်လာသောကြောင့် လျှစ်စစ်ဆိုင်ရာနောက်ဆက်တွဲဆိုးကျိုးများမရှိလာစေရန်အတွက် ဂူတွင်းရှိရေများကို စုပ်ထုတ်ခြင်းနှင့် အလင်းရောင်ရစေရန် ဓာတ်အားပေးခြင်းတို့ကို ရပ်ဆိုင်းထားရကြောင်း ထိုင်းဗိုလ်ချုပ်ဘန်ချာဒူရီယာပတ်ကပြောဆိုခဲ့သည်။ ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်များ၊ ဗြိတိန်ရှိ ဂူတွင်းရေငုပ်မှု ကျွမ်းကျင်သူများနှင့် အမေရိကန်စစ်သည်များ ဂူတွင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း ဒူရီယာပတ်ကပြောဆိုခဲ့သည်။

ဇွန် ၂၇ ရက်အနှောင်းပိုင်းတွင် ရေမျက်နှာပြင်သည် တစ်နာရီလျှင် ၁၅ စင်တီမီတာ( ခြောက်လက်မ) နှုန်းဖြင့်မြင့်တက်လာသောကြောင့် ဂူတွင်းရှိ ကျဉ်းမြောင်းသော နေရာများသို့ ရေငုပ်သမားများ ဝင်ရောက်ရန် အခက်အခဲတွေ့နေကာ တချို့နေရာများတွင် ရေငုပ်သမားများသည် အင်္ဂလိပ်အက္ခရာအယ်လ်ပုံစံအကွေ့များတွင် ကိုယ်ကိုတွန့်လိမ်ကာ ဝင်ရောက်နေရကြောင်း ဗိုလ်ချုပ်ကပြောဆိုခဲ့သည်။

ယောကျာ်းလေး ၁၂ ဦးနှင့် နည်းပြတို့သည် ချင်းရိုင်ခရိုင်ရှိ သမ်လွန်နန်နွမ်ဂူထဲသို့ ဇွန် ၂၃ ရက်တွင် ဝင်ရောက်ခဲ့သည်။ ဂူသည် လမ်းမြှောင်များစွာရှိနေကာ ကီလိုမီတာများစွာအထိရှည်လျားသည်။ ကလေးများသည် ဂူတွင်းရှိ မြင့်သော နေရာတစ်ခုတွင် ခိုလှုံနေဆဲဖြစ်လိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်နေဆဲဖြစ်သည်။

ဂူတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ဂူအပေါ်ပိုင်းတွင် ဝင်ပေါက်များကိုလည်း ရှာဖွေနေကြောင်း ဒုတိယရဲချုပ် ဝီရာချိုင်ဆွန်မတ္တာက ပြောဆိုခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးသမား ၆၀ဝ ကျော်တို့ဖြင့် ရှာဖွေရေးပြုလုပ်နေခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးအတွက် စစ်သည် ၃၀ ခန့်ကိုစေလွှတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်၏ ဟာဝိုင်ယီရှိ အင်ဒို-ပစိဖိတ်ဆိုင်ရာတပ်ရင်းက အတည်ပြုပြောဆိုခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ရေကိုစုပ်ထုတ်ခြင်း နှင့် ဂူတွင်းဝင်ရောက်နိုင်မည့် အခြားနည်းလမ်းများကိုရှာဖွေခြင်းတို့ကိုအနက် တစ်ခုခုတို့ကိုသာ ရွေးချယ်ရမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားဂူတွင်းရှာဖွေကယ်ဆယ်ရေးကော်မရှင်ဆိုင်ရာညှိနှိုင်းဆောင်ရွက်သူ အန်မာမီရ်ဇာကပြောဆိုခဲ့သည်။ ယောကျာ်းလေးများ၏ငယ်ရွယ်မှုနှင့် ကျန်းမာရေးတို့ကြောင့် ရေမရှိဘဲ ငါးရက်ခန့် အသက်ရှင်နိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။