ကရင်ပြည်နယ် သင်္ကန်းညီနောင်စစ်ဆေးရေးအဖွဲ့စုံဂိတ်တွင် ခရီးသည်တင်ယာဉ်ဖြင့် တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းလက်ကောက် ၄၀၅ ကွင်းသိမ်းဆည်းရမိခဲ့ကြောင်း ဇွန် ၂၇ ရက်နေ့က ပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။
ဇွန် ၂၇ ရက် နံနက် ၁၀ နာရီချိန်ခန့်တွင် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်ဝဏ္ဏမောင်မောင်၊အမှတ်(၃၂)မူးယစ်တပ်ဖွဲ့စုမှဒုရဲအုပ်ဝင်းနိုင်ငြိမ်း တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ် သင်္ကန်းညီနောင်စစ်ဆေးရေးအဖွဲ့စုံဂိတ်တွင်စစ်ဆေးရေးတာဝန် ဆောင်ရွက် နေစဉ် မန္တလေးမှမြဝတီမြို့သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် (6F.××××) မန်းရွှေမြို့တော်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။
အဆိုပါမှန်လုံယာဉ်၏ယာဘက်အခြမ်းဝမ်းဗိုက်ရှိခရီးသည်များပစ္စည်းထားရှိရာအခန်းတွင်ပီနံအိတ်ဖြင့်ထည့်ထားသော စက္ကူဖာ(၁)ခု အတွင်း သတင်းစာဂျာနယ်တိပ်အကြည်ဖြင့် ထပ်မံထုပ်ပိုးထားသော အထုပ်(၂၀)ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
အဆိုပါအိတ်များအတွင်းမှ ကျောက်စိမ်းလက် ကောက်ဟုယူဆရသော အကွင်း(၄၀၅)ကွင်း၊ အလေး ချိန်(၁၂)ကီလိုခန့် တန်ဘိုး(စီစစ်ဆဲ) အား တွေ့ရှိခဲ့သည်။
ပစ္စည်းများနှင့်ပတ်သက်၍ ယာဉ်အကူ စဉ့်ကိုင်မြို့နေ ကျော်ရဲနိုင်(၂၆ နှစ်)ကို မေးမြန်းရာ အဆိုပါ လက်ကောက်များပါရှိသည့် စက္ကူဖာကို မန္တလေးမြို့ ကျွဲဆည်ကန်ကားဂိတ်မှ မြဝတီမြို့သို့ တင်ဆောင် လာခဲ့ကြောင်း၊ပစ္စည်းပိုင်ရှင်မှာ မော်လမြှို်ု ကျွဲခြံကုန်းရပ်နေ ဦးမူတီရာမန်(၄၄)နှစ် ဖြစ်ကြောင်းသိရသည်။
ပစ္စည်းပိုင်ရှင်ကို မြဝတီမြို့သို့ ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူမေးမြန်းရာ ၎င်းမှာ အဆိုပါ ကျောက် စိမ်းလက်ကောက်များကို လွန်ခဲ့သည့်(၃)ရက်ခန့်က မန္တလေးကျောက်ဝိုင်းသို့သွားရောက်၍ဝယ်ယူခဲ့ပြီး ကျွဲဆယ်ကန်ကားဂိတ်တွင်အပ်နှံခဲ့ကြောင်း၊ အခြားခရီသည်တင်ယာဉ်ဖြင့်လိုက်ပါစီးနင်းကာယခုအခါ မြဝတီမြို့တွင် ရောက်ရှိနေကြောင်းသိရသည်။
စုံစမ်းစစ်ဆေးချက်များအရ ၎င်းကျောက်စိမ်းလက်ကောက်များ ဝယ်ယူလုပ်ကိုင်ခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ဌာနမှအထောက်အထား တစ်စုံတစ်ရာမရှိကြောင်း သိရသဖြင့် ဦးမူတီရာမန်နှင့်ယာဉ်နောက် လိုက် ကျော်ရဲနိုင်တို့(၂)ဦးကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။
သင်္ကန်းညီနောင်နယ်မြေရဲစခန်းတွင်(ပ)၁၀၂/၁၈ မြန်မာ့ကျောက်မျက်ရတာနာဥပဒေ ပုဒ်မ.၄၂/၄၄ အရ အမှုဖွင့်အရေးယူထားသည်။

















