၂၀၁၇ ခုနှစ်အတွင်း ကလေး ၁၀ဝ၀ဝ ကျော် သေဆုံးသို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း ကုလအစီရင်ခံစာဖော်ပြ

၂၀၁၇ ခုနှစ်အတွင်း ကလေး ၁၀ဝ၀ဝ ကျော် သေဆုံးသို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း ကုလအစီရင်ခံစာဖော်ပြ

ယမန်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေး ၁၀ဝ၀ဝ ကျော် သေဆုံးသို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ကလေးငယ်များ၏အခွင့်အရေးချိုးဖောက်မှု ၂၁၀ဝ၀ ကျော်ရှိခဲ့ကြောင်း ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ အမည်ရှိ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ယီမင်နိုင်ငံရှိ ၁၃၀ဝ ကျော် သေဆုံးသို့မဟုတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ကလေးငယ် ၁၃၀ဝ၀ ကျော်၏ထက်ဝက်ခန့်မှာ အမေရိကန်ကျောထောက်နောက်ခံရထားသည့် အာရပ်ညွှန့်ပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ကုလက ပြစ်တင်ပြောဆိုခဲ့သည်။ ကလေးငယ်များသည် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများနိုင်ငံ( ယူအေအီး) တို့က ယီမင်ရှိ နိုင်ငံတကာအသိအမှတ်ပြုအစိုးရကို တိုက်ခိုက်နေသည့် ဟူသီသူပုန်များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများတွင် ယီမင်ရှိ ပြည်တွင်းစစ်နှင့် အခြားနိုင်ငံရှိ ပဋိပက္ခများတွင် တိုက်ခိုက်နေရသည့် ကလေးစစ်သားများလည်းပါဝင်ကာ ယင်းကလေးငယ်များတွင် အသက် ၁၁ နှစ်အရွယ်များလည်းပါဝင်ကြောင်း ကုလကပြောဆိုခဲ့သည်။ ကလေးငယ်များသည် ဘဝကိုအဓိပ္ပါယ်ရှိစွာနေခွင့်သလို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ခွင့်ရှိနေကြောင်း ကုလသမဂ္ဂ၏ ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် ဗာဂျီးနီးယားဂမ်ဘာကပြောဆိုခဲ့သည်။

ကလေးငယ်အခွင့်အရေးချိုးဖောက်မှု ၂၁၀ဝ၀ အနက် ၁၀ဝ၀ဝ မှာ အသတ်ခံရမှုသို့မဟုတ် ခြေပြတ်လက်ပြတ်ဖြစ်မှုတို့ပါဝင်သည်။ ယင်းချိုးဖောက်မှုများသည် အီရတ်၊ ဗဟိုအာဖရိကပြည်သူ့သမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့တွင် အဓိကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားရှိ အသတ်ခံရမှုကြောင့် သေဆုံးသည့် ကလေး ၈၈၁ ဦးအနက် ထက်ဝက်နီးပါးမှာ ကလေးငယ်များအား လူသားဗုံးများအဖြစ် အသုံးချမှုအပါအဝင် အသေခံတိုက်ခိုက်မှုများကြောင့်ဖြစ်သည်။ ကလေးငယ် ၁၉၀ဝ ကျော်သည် မိဘများက ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့နှင့် ပတ်သက်သူများဖြစ်ကြောင်း သံသယရှိခံရမှုကြောင့် အဖမ်းခံခဲ့ရသည်။

ကလေးငယ် ၁၀၃၆ ဦးသည် အမျိုးသားလုံခြုံရေးနှင့်သက်ဆိုင်သည့် ပြစ်မှုများဖြင့် အီရတ်ရှိ အကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရသည်။ တောင်ဆူဒန်၌ ကလေးငယ် ၁၂၂၁ ဦးသည် ကလေးစစ်သားများအဖြစ် စုဆောင်းခံခဲ့ရသည်။ ဆိုမာလီယာရှိ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ကလေးငယ် ၁၆၀ဝ ကျော်ကိုပြန်ပေးဆွဲပြီး အများစုကို ကလေးစစ်သားအဖြစ်အသုံးချခဲ့သလို တချို့ကိုလည်း လိင်ကျွန်များအဖြစ် အသုံးချခဲ့သည်။