ရုံးဆင်းကားရှုပ်ချိန် ဓာတ်ဆီတင်ကားဘရိတ်ပေါက်တိမ်းမှောက် ကားအစီး ၅၀ ကျော် မီးလောင်ပြီး ၉ ဦး ထက်မနည်း သေဆုံး

ရုံးဆင်းကားရှုပ်ချိန် ဓာတ်ဆီတင်ကားဘရိတ်ပေါက်တိမ်းမှောက် ကားအစီး ၅၀ ကျော် မီးလောင်ပြီး ၉ ဦး ထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တွင် ရုံးဆင်းချိန် ကားများပြည့်ကျပ်နေစဉ် ဓာတ်ဆီတင်ကားတစ်စီး ဘရိတ်ချွတ်ယွင်းတိမ်းမှောက်ရာမှ မီးလောင်ပေါက်ကွဲခဲ့ရာ ကားစီးရေ ၅၀ ကျော် မီးကူးစက်လောင်ကျွမ်းပြီး  လူ ၉ ဦး ထက်မနည်း သေဆုံးခဲ့သည်။

လာဂို့စ်မြို့တွင် ဇွန် ၂၈ ရက် ညနေ ၅ နာရီခွဲက ဖြစ်ပွားခဲ့သည့် ယင်းမတော်တဆမှုတွင် ဓာတ်ဆီတင်ကားသည် လာဂို့စ် အီဗက်ဒန်လမ်းအတိုင်း တံတားတစ်ခုဆီ ချဉ်းကပ်အသွားတွင် ထိန်းချုပ်၍မရတော့ဘဲ ရှုပ်ထွေးနေသည့် ယာဉ်ကြောထဲ လဲကျတိမ်းမှောက်ခဲ့သည်။ တိမ်းမှောက်ပြီးပြီးချင်း ဓာတ်ဆီများလျင်မြန်စွာယိုစိမ့်ကာ မီးလောင်မှုဖြစ်ပွားရာ ဘတ်စ်ကား ၅ စီးအပါအဝင် ကား ၅၄ စီးအထိ အချိန်တိုအတွင်း မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အာဖရိက၏အကြီးဆုံးရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားတွင် လောင်စာဆီကြောင့်ပေါက်ကွဲမှုများမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည်။ ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းသည့်လမ်းများနှင့် မော်တော်ယာဉ်များကို အသုံးပြု၍ ဓာတ်ဆီများ သယ်ယူပို့ဆောင်ခြင်းကြောင့် မတော်တဆမီးလောင်မှုများ မကြာခဏ ဖြစ်ပွားတတ်သည်။

နိုင်ဂျီရီးယားသမ္မတ မူဟမ်မာဒူ ဘူဟာရီက ကြေကွဲဖွယ်ရာအသက်များစွာဆုံးရှုံးမှုအတွက် လွန်စွာ ဝမ်းနည်းပါကြောင်း၊ ပြီးခဲ့သည့်ကာလတလျှောက် ကြေကွဲဖွယ်အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဓာတ်ဆီတင်ကားမောင်းနှင်သူများ တာဝန်ပိုယူနိုင်စေရန် နည်းလမ်းများ ရှာဖွေကြရတော့မည်ဖြစ်ကြောင်း၊ တစ်ချိန်လုံး ငိုကြွေးမနေရအောင် အစိုးရအေဂျင်စီများ ပိုမိုအလုပ်လုပ်ကြရမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ကီဟင်ဒီ ဘာမစ်ဘီတန်က ပြောဆိုခဲ့သည်။