ဆိုးလ်မြို့တော်မှ နှစ် ၇၀ သက်တမ်းရှိ အမေရိကန်စစ်ဌာနချုပ်ပြောင်းရွှေ့အခြေစိုက်

ဆိုးလ်မြို့တော်မှ နှစ် ၇၀ သက်တမ်းရှိ အမေရိကန်စစ်ဌာနချုပ်ပြောင်းရွှေ့အခြေစိုက်

တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့လယ်ရှိ ယွန်ဆန်အနီး၌ အမေရိကန်စစ်ဌာနချုပ် နှစ် ၇၀ ခန့် တည်ရှိခဲ့ခြင်းကို အဆုံးသတ်၍ ဆိုးလ်တောင်ဘက် ကီလိုမီတာ ၇၀(၄၅ မိုင်)အကွာသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်များစတင်ရောက်ရှိကထဲက တည်ရှိခဲ့သည့် စစ်ဌာနချုပ်သည် အမေရိကန် ဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် အဓိကအိမ်ခြံမြေဈေးကွက်ကြောင့် ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြုန်တိတ်ဆိပ်ကမ်းအနောက်ဘက် ဧက ၃၅၁၀ ပေါ်ရှိ အမေရိကန်စစ်ဌာနချုပ်သစ်သည် ဒေါ်လာ ၁၁ ဘီလီယံကုန်ကျခဲ့၍ အမေရိကန်ပြင်ပ၌ အကြီးဆုံး စစ်စခန်းဖြစ်သည်။

မြောက်ကိုရီးယားနယ်စပ်မှ အမြောက်ကြီးများလက်လှမ်းမီရာ ဆိုးလ်မှ အမေရိကန်စစ်စခန်းပြောင်းရွှေ့ရန် ဆယ်နှစ်ကျော်အချိန်ယူခဲ့ရပြီး ယခုမှ ပြောင်းရွှေ့နိုင်ခြင်းလည်းဖြစ်သည်။

ပြုန်တိတ်တွင် အမေရိကန်စစ်ဌာနချုပ်သစ် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းဖြင့် အမေရိကန်နှင့်တောင်ကိုရီးယားတို့အကြား ကျယ်ပြန့်နက်ရှိုင်းသည့် မဟာမိတ်အဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်လင့်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောဆိုခဲ့သည်။