အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဇူလိုင် ၁၆ ရက်နေ့၌ ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီမြို့တော်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ရုရှားသမ္မတပူတင်နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်တို့ တွေ့ဆုံပြီးနောက်တစ်ရက်တွင် ယင်းသို့ တရားဝင်သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား မတူညီများရှိလင့်ကစား သမ္မတထရမ့်နှင့် သမ္မတပူတင်အကြား ဆွေးနွေးစရာအများအပြား ရှိကြောင်း ဘိုလ်တန်ကပြောဆိုခဲ့သည်။
ကရိုင်းမီးယားကျူးကျော်မှုဖြင့် ရုရှားကို အမေရိကန်ကပိတ်ဆို့မှု၊ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက် စွက်ဖက်ခဲ့မှု၊ ဆီးရီးယားအရေးတွင် ရုရှားပါဝင်မှုနှင့် ဗြိတိန်ရှိ ရုရှားထောက်လှမ်းရေးဟောင်းများအား အဆိပ်ခတ်သတ်ဖြတ်ရန် ကြံစည်ကြောင်းစွဲချက်များကြောင့် အမေရိကန်နှင့်ရုရှားဆက်ဆံရေး မပြေမလည် ဖြစ်နေရသည်။
ထရမ့်နှင့်ပူတင်တို့သည် နိုင်ငံတကာထိပ်သီးစည်းဝေးပွဲများ၌ အစီအစဉ်ပြင်ပတွင် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးကာ တယ်လီဖုန်းဖြင့်မူ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့ဖူးသည်။
















