တံဆိပ်မပါသည့် စီးကရက်ဘူးများသာ ဩစတြေးလျနိုင်ငံအတွင်း ရောင်းချခွင့်ပြုမည့် ဥပဒေနှင့် ပတ်သက်ပြီး ဩစတြေးလျနှင့် ဆေးလိပ်လုပ်ငန်းကြီးများ တရားရေးအငြင်းပွားလျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဩစတြေးလျကို အနိုင်ပေးလိုက်သည်။
၂၀၁၁ ခုနှစ်က စတင်ကာဩစတြေးလျတွင် အမှတ်တံဆိပ်မပါသော စီးကရက်ဘူးများဖြင့် ဆေးလိပ်များ ရောင်းချရန် ဥပဒေသတ်မှတ်ခဲ့သည်။ ပြောင်အလွတ်ထားသောနေရာတွင် ကျန်းမာရေးသတိပေးချက်များကို ကပ်စေခဲ့သည်။ ပြီးခဲ့သည့် ခုနစ်နှစ်တောက်လျှောက် ဆေးလိပ်ထုတ်လုပ်သူလေးနိုင်ငံက ဩစတြေးလျ ဥပဒေသည် နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်နေကြောင်း တိုင်ကြားခဲ့ကြသော်လည်း WTO က ဩစတြေးလျဘက်ကသာ အစဉ်တစိုက် ရပ်တည်ခဲ့သည်။
ပြောင်စီးကရက်ဘူးများဖြင့်သာ ရောင်းချစေခြင်းသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ဉာဏမူပိုင်ခွင့် ဥပဒေများကို ဩစတြေးလျအစိုးရက ချိုးဖောက်ရာရောက်နေကြောင်းဖြင့် ကျူးဘား၊ ဟွန်ဒူးရက်စ်၊ ဒိုမီနီကန် ရီပတ်ဘလစ်နှင့် အင်ဒိုနီးရှားတို့က WTO ထံ တိုင်ကြားခဲ့ကြသည်။ ယင်းလေးနိုင်ငံ၏ တိုင်တန်းချက်ကို WTO က ငြင်းပယ်လိုက်ပြီး၊ ဩစတြေးလျ ဥပဒေသည် အများပြည်သူကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသောဥပဒေဖြစ်သည်ဟု ဆုံးဖြတ်ချက်ချပေးခဲ့သည်။
WTO ၏ ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ထောက်ခံကြိုဆိုလိုက်ပြီး ယခုဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြောင်စီးကရက်ဘူးများကိုသာ ခွင့်ပြုမည့် ဥပဒေများ လျင်လျင်မြန်မြန် ထွက်ပေါ်လာနိုင်တော့မည်ဟု ချီးကျူးပြောကြားခဲ့သည်။

















