အမေရိကန်ပြည်ထောင်စု၊ မာရီလန်းပြည်နယ်မြို့တော် အန်နာပိုလိစ်ရှိ ကက်ပီတဲလ်ဂေဇက်သတင်းစာ၊ သတင်းခန်းကို သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ရာ ၅ ဦးသေဆုံးပြီး သေနတ်သမားက ရဲထံလက်နက်ချအဖမ်းခံခဲ့သည်။
ဇွန် ၂၈ ရက်ကဖြစ်ပွားခဲ့သည့် ယင်းပစ်ခတ်မှုအတွက် သေနတ်သမားသည် သတင်းသမားများကိုပစ်မှတ်ထားရန် ပြင်ဆင်ခဲ့ကြောင်း၊ မီးခိုးဗုံးများဆောင်ပြီး ပြောင်းချောသေနတ်ရှည်ဖြင့် ပစ်ခတ်မှုကြောင့် အယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်နှစ်ဦး၊ အရောင်းဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အခြားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်သူသည် ရဲများရောက်ရှိလာချိန်တွင် လက်နက်ချအဖမ်းခံခဲ့သည်။
ပစ်ခတ်သူမှာ မာရီလင်းဒေသခံ လူဖြူတစ်ဦးဖြစ်ပြီး ဂျာရော့ဒ်ရာမို့စ်ဆိုသူဖြစ်ကြောင်း၊ သတင်းခန်းထဲ ၄င်း ဝင်ရောက်ပစ်ခတ်ချိန်တွင် သတင်းသမားများနှင့်ဝန်ထမ်းများသည် စားပွဲအောက် ဝင်ပုန်းနေခဲ့ရကြောင်း သိရသည်။ ယင်းသို့ပုန်းအောင်းနေစဉ် အခြားသူများအပစ်ခတ်ခံရပုံ၊ မောင်းပြန်တင်ပြီး ပစ်ခတ်သံကြားရပုံတို့လောက် ကြောက်မက်ဖွယ်ကောင်းသည့်အရာ မရှိတော့ကြောင်း တရားရုံးနှင့်ရာဇဝတ်မှုသတင်းထောက် ဖီးလ်ဒေးဗစ်က တွစ်တာ၌ ရေးသားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ပစ်ခတ်မှုဖြစ်အပြီး စက္ကန့် ၆၀ ခန့်အကြာတွင် သတင်းစာတိုက်တွင်း ရောက်ရှိခဲ့ကာ သေနတ်သမားနှင့် အပြန်အလှန်ပစ်ခတ်မှုမရှိဘဲဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ယင်းအဆောက်အအုံမှ လူ ၁၇၀ ခန့် ထွက်ပြေးခဲ့ကြောင်း သိရသည်။ သေနတ်သမား ရာမို့စ်သည် ၄င်းရာဇဝတ်မကင်းသည့် နှောင့်ယှက်မှုအကြောင်း သတင်းဆောင်းပါးတစ်စောင် ရေးသားခဲ့သည်ဆိုကာ ၂၀၁၂ ခုနှစ်က ကက်ပီတဲလ်ဂေဇက်သတင်းစာကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ဖူးပြီး ထိုစဉ်က ၄င်း၏တရားစွဲဆိုမှုအရေးနိမ့်ခဲ့သည်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် လင်းဆေးဝေါလ်တာက အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း၊ မည်သည့်ပုံစံနှင့် အကြမ်းဖက်မှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး သမ္မတထရမ့်ကမူ တစ်စုံတရာ ဝေဖန်ချက်မပေးသေးပေ။




















