ဘရပ်ဆဲလ်မြို့ ဥရောပသမဂ္ဂ ရုံးချုပ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဇွန် ၂၈ ရက်က ၁၀ နာရီကြာ မရပ်မနား ဆွေးနွေးခဲ့ကြအပြီးတွင် ရွှေ့ပြောင်းခိုလှုံသူများကို ညီတူမျှတူတာဝန်ယူကိုင်တွယ်ရေးသ ဘောတူချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
အာဖရိကမှ ခိုလှုံသူအများအပြား စုဝေးရောက်ရှိနေသော အီတလီနိုင်ငံက အခြားသောအဖွဲ့ဝင်နိုင်ငံများထံမှ ခိုင်မာသောကတိမျိုး မရရှိပါကဥရောပသမဂ္ဂ ခိုလှုံသူအစီအစဉ် တစ်ရပ်လုံးက ဗီတိုအာဏာဖြင့် ပယ်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
;ဇွန် ၂၉ ရက် နံနက်အစောပိုင်းအချိန်တွင်မှ သဘောတူချက် ရယူနိုင်ခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းတွင် ခိုလှုံသူလက်ခံရေးစင်တာများ ထူထောင်ရန်လည်း သဘောတူခဲ့ကြသည်။ ထိုစင်တာများသည် တကယ်တမ်း လက်သင့်ခံသင့်သော ခိုလှုံသူလော၊ ခိုလှုံသူသတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် ဇာတိနိုင်ငံ ပြန်လွှွှတ်သင့်သူလောကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခိုလှုံခွင့် တောင်းခံသူများကို ဥရောပသမဂ္ဂ အဖွဲ့ဝင် တစ်နိုင်ငံမှ အခြားတစ်နိ်ုင်ငံသို့ ကူးချည်သန်းချည်ဖြင့် ခိုလှုံခွင့် တောင်းခံခြင်းများကိုလည်း တားမြစ်မည်ဖြစ်ကြောင်း သိရသည်။
“ဥရောပထိပ်သီးအစည်းအဝေးအပြီးမှာတော့ ဥရောပနိုင်ငံတွေဟာ ပိုပြီး တာဝန်သိ၊ ပိုပြီးစည်းလုံးလာကြတယ်လို့ ပြောရပါမယ်။ အခုဆိုခိုလှုံသူဝန်ထုပ်ကို ထမ်းနေရတာအီတလီတစ်နိုင်ငံတည်း မဟုတ်တော့ပါဘူး” ဟု အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ပြောသည်။
ဂရိနှင့် အီတလီတွင် အလုံးအရင်းဖြစ်နေသောခိုလှုံသူ ၁၆၀ဝ၀ဝ ခန့်ကို အခြားသော အဖွဲ့ဝင်နိုင်ငံများက ခွဲဝေလက်ခံရန် အစီအစဉ်ကို ဗဟိုဥရောပနိုင်ငံအများစုက ငြင်းဆန်ခဲ့ကြသဖြင့် ဥရောပသမဂ္ဂသည် ခိုလှုံသူအရေးတွင် သဘောထား နက်နက်နဲနဲ ကွဲလွဲခဲ့ရသည်။

















