ထရမ့်၏ လူမဆန်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒဆန့်ကျင်ရေးဆန္ဒပြမှု အမျိုးသမီး ၅၀ဝ ကျော် အဖမ်းခံရ

ထရမ့်၏ လူမဆန်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒဆန့်ကျင်ရေးဆန္ဒပြမှု အမျိုးသမီး ၅၀ဝ ကျော် အဖမ်းခံရ

မက္ကဆီကိုနယ်စပ်၌ ရွှေ့ပြောင်းမိသားစုထောင်ပေါင်းများစွာ ခွဲခွာနေရစေသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏တင်းမာပြတ်သားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒကို ဆန့်ကျင်သည့်အနေဖြင့် ဇွန် ၂၈ ရက်တွင် အမေရိကန်ကွန်ဂရက်စ်ရှေ့၌ ချီတက်ဆန္ဒပြသူများအနက် လွှတ်တော်အမတ်များအပါအဝင် အမျိုးသမီး ၅၀ဝ ကျော် အဖမ်းခံခဲ့ရသည်။

အထက်လွှတ်တော်ရုံးခန်းတစ်ခုတွင်းဝင်ရောက်ပြီး ထိုင်သပိတ်မှောက်ခဲ့သူ ၅၇၅ ဦးအား တရားမဝင်ဆန္ဒပြမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်လွှတ်တော်ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ရွှေ့ပြောင်းမိသားစုများမှ ကလေးငယ်များကို ထောက်ပံ့ပေးသည့် ငွေရောင်အရေးပေါ်စောင်များကို ခြုံကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဖမ်းခံရသူများတွင် အောက်လွှတ်တော်မှ ဒီမိုကရက်တစ်အမတ် ပရာမီလာဂျယာပယ်လည်းပါဝင်သည်။ သရုပ်ဆောင် ဆူဆန်ဆာရန်ဒန်ကလည်း ၎င်းသည်လည်း ဝါရှင်တန်၌ အဖမ်းခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ဆာရန်ဒန်သည် တရားရေးဌာနရှေ့၌ စုဝေးဆန္ဒပြစဉ်အတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အထက်လွှတ်တော်ရုံးခန်းအဆောက်အအုံတွင်းဆန္ဒပြသူများသည်  အကျဉ်းစခန်းအားလုံးကို ဖျက်သိမ်း နှင့် မိသားစုတွေ ဥမကွဲသိုက်မပျက်ဘဲ လွတ်လပ်မှုကို ထိုက်တန်သည် ဟုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။

ထရမ့်အစိုးရက နယ်စပ်တွင် မိသားစုများကို ကွဲကွာအောင် လုပ်နေသည့် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော မူဝါဒကို အမျိုးသမီးများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ခရစ္စတင်းဂီလီဘရန့်ကပြောဆိုခဲ့သည်။ လုံးဝသည်းခံမည်မဟုတ်သည့် နယ်စပ်ရေးရာမူဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ထရမ့်အစိုးရက ကြေညာခဲ့သည့် မေမှစပြီး ကလေးငယ် ၂၀ဝ၀ ကျော်သည် ရွှေ့ပြောင်းမိဘများနှင့် ခွဲခွာနေထိုင်ခဲ့ရသည်။

မူဝါဒအရ နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်သူများသည် အဖမ်းခံမည်ဖြစ်ပြီး ဥပဒေအရလည်းအရေးယူခံရမည်ဖြစ်သည်။ နိုင်ငံတကာက ကန့်ကွက်မှုနှင့် ဒီမိုကရက်များသာမက ရီပတ်ဘလီကန်အမတ်များကပါဝေဖန်ခဲ့သောကြောင့် ထရမ့်သည် ကလေးငယ်များနှင့်မိဘများကို ခွဲထားသည့် စနစ်ရကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ရွှေ့ပြောင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိသေးချေ။