ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်နစ်မြုပ်မှုတွင် လူပေါင်း ၇၀ ကျော်ခန့်သေဆုံးခဲ့မှုမှ ရေယာဉ်ပဲ့ကိုင်ကို မတော်တဆလူသေဆုံးမှုဖြင့် ထောင်ဒဏ် ၁၀နှစ် ကျရန် ယနေ့ ဇွန်လ၂၉ရက်နေ့တွင် ယင်းမာပင်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
ယနေ့ရုံးချိန်ကို မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ရေယာဉ်ပဲ့ကိုင် ဦးဇော်မျိုးဝင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄(က) ပေါ့ဆမှုကြောင့်အသက်သေဆုံးစေခြင်း အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္ပလင်းမြို့မှ မုံရွာမြို့ သို့ထွက်ခွာလာသည့် ချင်းတွင်းမြစ်တွင်း သွား အေးငြိမ်းချမ်းသာ အမြန်မော်တော် ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းအုပ်စု မိချောင်းတွင်းကျေးရွာ အနီး နစ်မြုပ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါနစ်မြုပ်ခဲ့သည့် ရေယာဉ်ပေါ်တွင် ခရီးသည် ၃၆ ဦးတင်ဆောင်ရန် သက်ဆိုင်ရာက သတ်မှတ်ထားသော်လည်း ရေယာဉ် နစ်မြုပ်မှုတွင် ခရီးသည် ၁၅၅ ဦးနှင့် ရေယာဉ်လုပ်သားလေးဦး ၁၅၉ ဦး အသက်ရှင်ခဲ့ပြီး သေဆုံးရုပ်အလောင်း ၇၃ လောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်းသက်ဆိုင်ရာ က ထုတ်ပြန်ခဲ့သည်။ နစ်မြုပ်ခဲ့သည့် အမြန်ရေယာဉ် ပေါ်တွင် အနည်းဆုံး ခရီးသည် ၂၃၉ ဦးပါဝင်ပြီး အများဆုံး လူဦးရေမည်မျှ ပါသည်ကို မခန့်မှန်းနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်ခဲ့ကြသည်။
ရေယာဉ်နစ်မြုပ်မှုတွင် ဆရာမ ၇၅ အနက် ၃၅ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးခရီးသည် ၇၃ ဦးရှိခဲ့ပြီး ၄င်းတို့ကို နိုင်ငံတော်အဆင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ရေယာဉ်နစ်မြုပ်မူနှင့်ပတ်သက်ပြီးကနီမြို့မရဲစခန်းက (ပ) ၁၅၄/၂ဝ၁၆၊ ပုဒ်မ-၂၈ဝ/၃ဝ၄ (က) အရ ရေယာဉ်မောင်း ဦးဇော်မျိုးဝင်းကို အမှုဖွင့်ခဲ့ပြီး ယင်းမာပင်ခရိုင်တရားရုံးသို့ ဒုရဲမှူး စိုးမြင့် တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
'' ယင်းမာပင်ခရိုင်တရားသူကြီးက ရေယာဉ်မောင်းတဲ့သူကို ပေါ့ဆမှုကြောင့် လူသေစေမှု နဲ့ ထောင် ၁၀ နှစ်ချခဲ့တယ်။ ဒီဖြစ်စဉ်မှာ သေဆုံးတဲ့သူ ၇၃ ယောက်ရှိခဲ့တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ခဲ့ ပေမယ် ဒီထက်လည်းများနိုင်တယ်" တရားစီရင်မှုကို သွားရောက်နားထောင်ခဲ့သူ ကနီမြို့နေ ကိုအောင်ဆန်းဝင်း ကပြောသည်။
ယနေ့ အမိန့်ချမှတ်ခဲ့သည့် ရေယာဉ်ပဲ့ကိုင် ဦးဇော်မျိုးဝင်း သည် အဆိုပါ အမှုအပြင် မြန်မာ့ကမ်းရိုး တမ်းပြည်တွင်းသွားလာရေးဦးစီးဌာနကစွဲဆိုထားသောအမှုကိုလည်းရေယာဉ်ပိုင်ရှင်နှစ်ဦးနှင့်အတူကနီမြို့နယ်တရားရုံးတွင်စစ်ဆေးနေဆဲဖြစ်ပြီး မြို့နယ်ရုံး၏ စွဲချက်အပေါ် မကျေနပ်သဖြင့် အထက်ရုံးသို့ စွဲချက်ပြင်ဆင်မှုတင်ထားကြောင်းသိရသည်။


















